MFF Carabao Amateur Futsal ပြိုင်ပွဲ အတွက် စပွန်ဆာ စာချုပ် ချုပ်ဆိုပွဲ ကျင်းပ

The MFF » Futsal » MFF Carabao Amateur Futsal ပြိုင်ပွဲ အတွက် စပွန်ဆာ စာချုပ် ချုပ်ဆိုပွဲ ကျင်းပ

June 1, 2023 / By Admin

MFF Carabao Futsal Amateur Cup 2023 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီနှင့် Century Beverage Co.,LTD တို့ စပွန်ဆာ စာချုပ် ချုပ်ဆိုပွဲကို ဇွန် ၁ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာ ရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ Century Beverage Co.,LTD မှ Managing Director ဦးစိုင်းဝင်းအောင်၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင် Century Beverage Co.,LTD မှ Area Marketing Manager ဦးထွန်းထွန်းဦး၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ Century Beverage Co.,LTD မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဖူဆယ်ကစားသမားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်က နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။ ထို့နောက် Century Beverage Co.,LTD မှ Managing Director ဦးစိုင်းဝင်းအောင်က စပွန်ဆာ ပေးရခြင်း နှင့် ပတ်သက်၍ “အပျော်တမ်း အဆင့် ဖူဆယ်ကစားသမားဘဝကနေ ပရော်ဖက်ရှင်နယ် အဆင့် ကစားသမားတွေ ပေါ်ထွက်လာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပြိုင်ပွဲကို စပွန်ဆာပေးဖြစ်ခဲ့တာပါ”ဟု ပြောကြားခဲ့သည်။

ယင်းနောက် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်နှင့် Century Beverage Co.,LTD မှ Managing Director ဦးစိုင်းဝင်းအောင် တို့က စပွန်ဆာ စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ကာ အမှတ် တရ စုပေါင်းဓါတ်ပုံရိုက်ကူး၍ အခမ်းအနား ပြီးဆုံးခဲ့သည်။

MFF Carabao Futsal Amateur Cup 2023 ပြိုင်ပွဲကို ဇွန် ၁၇ ရက်မှ စတင်၍ အသင်းပေါင်း ၃၂ သင်းဖြင့် MFF Futsal Stadium တွင် ကျင်းပသွားမည်ဖြစ်ပြီး ကွင်းဝင်ကြေးကို ကျပ် ၂၀၀၀ သတ်မှတ်ထားသည်။

MFF Carabao Futsal Amateur Cup 2023 ပြိုင်ပွဲ၏ ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲမှ စတင်၍ MFF Futsal Facebook Page မှ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည် ဖြစ်သည်။