ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲတွင် မြန်မာနှင့် နီပေါ ဂိုးမရှိ သရေကျ

The MFF » Latest Activities » ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲတွင် မြန်မာနှင့် နီပေါ ဂိုးမရှိ သရေကျ

September 8, 2023 / By Admin

ဖီဖာ နိုင်ငံတကာ ‘အေ’ အဆင့် ချစ်ကြည်ရေး ခြေစမ်းပွဲ (FIFA INTERNATIONAL “A” Friendly Match) အဖြစ် စက်တင်ဘာ ၈ ရက်၊ ညနေ ၅:၀၀ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်း၌ မြန်မာ့ လက်ရွေးစင်အသင်းနှင့် နီပေါ လက်ရွေးစင်အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ ( ၀ – ၀ ) ဂိုးရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

မြန်မာ့ လက်ရွေးစင်အသင်း ပွဲထွက် လူစာရင်းတွင် ကျော်ဇင်ဖြိုး (ဂိုး)၊ ဟိန်းဖြိုးဝင်း၊ ရဲမင်းသူ၊ နန္ဒကျော်၊ လွင်မိုးအောင်၊ သန်းပိုင်၊ အောင်သူ၊ မောင်မောင်လွင်၊ ဝေလင်းအောင်၊ ရန်နိုင်ဦးနှင့် ဟိန်းဇေယျာလင်းတို့ ပါဝင်ကစားခဲ့သည်။

ပွဲချိန် ပထမပိုင်းတွင် မြန်မာအသင်းအနေဖြင့် ဂိုးသွင်းခွင့် အခွင့်အရေးများစွာ ရရှိခဲ့သော်လည်း နီပေါ ဂိုး သမား အသင်းခေါင်းဆောင် KiranKumar Limbu လက်စွမ်းပြကာကွယ်ခြင်း၊ မောင်မောင်လွင်၊ အောင်သူနှင့် သန်းပိုင်တို့ ဂိုးသွင်းမသေချာခြင်းကြောင့် ဂိုးမရှိသရေကျနေခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းသည် ကစားသမား အပြောင်းအလဲများ ပြုလုပ်ခဲ့သော်လည်း နီပေါအသင်းကို ဖိအားပေးနိုင်ခဲ့ခြင်းမရှိပေ။ ပွဲချိန် ၅၇ မိနစ်တွင် မြန်မာအသင်းနောက်ခံလူ ဟိန်းဖြိုးဝင်း ပင်နယ်တီ ဧရိယာအတွင်း လက်ထိဘောဖြစ်၍ ပင်နယ်တီပေးခံရသည်။

ယင်းပင်နယ်တီကို နီပေါအသင်း ကျောနံပါတ် ၁၄ Anjan Bista ကန်သွင်းရာ မြန်မာအသင်း ဂိုးသမား ကျော်ဇင်ဖြိုး ကာကွယ်နိုင်ခဲ့၍ ဂိုး
မပေးခဲ့ရခြင်းဖြစ်သည်။ယင်းနောက် မြန်မာအသင်းသည် ဂိုးရရှိရေးကြိုးစားခဲ့သော်လည်း နီပေါအသင်းက အကောင်းဆုံးကစားသွားသဖြင့် ပွဲအပြီးတွင် ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ပြိုင်ပွဲအပြီးတွင် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် Michael Feichtenbeiner က ” ပြဿနာက ပထမပိုင်း ဂိုးမရတာပါ။ ဂိုးသွင်းခွင့်တွေ ရပေမယ့် ဂိုးမရခဲ့ဘူး။ ဒုတိယပိုင်းမှာ ပွဲကခြားနားသွားပါတယ်။ နီပေါက ယုံကြည်မှု ပိုကောင်းလာတယ်။ နီပေါအသင်း ပင်နယ်တီကိုကာကွယ်ခဲ့တဲ့ ကျော်ဇင်ဖြိုးကိုလည်း ချီးကျူးပါတယ်။ အဓိက ကတော့ ပိုအာရုံစိုက် ကြိုးစားရမှာဖြစ်ပါတယ်။ အားလုံးကြိုးစားရင် ပြောင်းလဲမှုတွေ လုပ်နိုင်မှာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ကစားသမား အများအပြား အပြောင်းအလဲလုပ်တာက ပွဲကို လွှမ်းမိုးချင်လို့ဖြစ်ပါတယ်။ ကစားသမားအချို့ဟာ သက်ဆိုင်ရာ ကလပ်တွေမှာ ပွဲထွက်ခွင့်နည်းတာကြောင့် ကြံ့ခိုင်မှုပိုင်းမှာ ပြဿနာ အနည်းငယ်ရှိပါတယ် ” ဟု ပြောကြားခဲ့သည်။

နီပေါ လက်ရွေးစင်အသင်း နည်းပြချုပ် Vincenzo Alberto Annese က ” ကျွန်တော်အသင်း ပွဲအစပိုင်းမှာ ကစားပုံ မကောင်းခဲ့ပေမယ့် မိနစ် ၂၀ နောက်ပိုင်းမှာတော့ ယုံကြည်မှုကောင်းလာတယ်။ မြန်မာအသင်းက ကျောနံပါတ် ၉ ကစားပုံက ကျွန်တော့်အသင်းကို အခက်တွေ့စေပါတယ်။ အသင်းမှာ နိုင်ငံတကာပွဲ လုံးဝမကစားဖူးတဲ့ ကစားသမား ၂ယောက်အပြင် လူငယ်ကစားသမားတွေ အများအပြား ပါဝင်တာကြောင့် အမှားအချို့လုပ်ခဲ့ကြတယ်။ ဒီအမှားတွေကနေ သင်ယူသွားရမှာဖြစ်ပါတယ်။ မြန်မာအသင်းကို ရဲရဲဝံ့ဝံ့ ကစားသွားတဲ့ အသင်းသားတွေအတွက် ဂုဏ်ယူပါတယ်။ မြန်မာနဲ့ တွေ့ရမယ့် ဒုတိယပွဲမှာ ပိုကောင်းအောင် ပြင်ဆင်သွားပါမယ်။ ခက်ခဲတဲ့ပွဲဖြစ်လာဖို့ရှိပေမယ့် အကောင်းဆုံး လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ် ” ဟု ပြောကြားခဲ့သည်။

မြန်မာ့ လက်ရွေးစင်အသင်းနှင့် နီပေါလက်ရွေးစင် အသင်းတို့၏ ဒုတိယမြောက် ဖီဖာ နိုင်ငံတကာ’အေ’အဆင့် ချစ်ကြည်ရေး ခြေစမ်းပွဲကို စက်တင်ဘာ ၁၁ ရက်၊ ညနေ ၅ : ၀၀ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်း၌ ဆက်လက် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။