September 11, 2023 / By Admin
ဖီဖာ နိုင်ငံတကာ ‘အေ’ အဆင့် ချစ်ကြည်ရေး ခြေစမ်းပွဲ (FIFA INTERNATIONAL “A” Friendly Match) ဒုတိယ ပွဲစဉ်အဖြစ် စက်တင် ဘာ ၁၁ ရက်၊ ညနေ ၅:၀၀ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်း၌ မြန်မာ့ လက်ရွေးစင်အသင်းနှင့် နီပေါ လက်ရွေးစင်အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာ့ လက်ရွေးစင်အသင်းက (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာ့ လက်ရွေးစင်အသင်း ပွဲထွက် လူစာရင်းတွင် ကျော်ဇင်ဖြိုး (ဂိုး)၊ ဟိန်းဖြိုးဝင်း၊ ရဲမင်းသူ၊ နန္ဒကျော်၊ လွင်မိုးအောင်၊ ဆော်လမန်၊ အောင်သူ၊ မောင်မောင်လွင်၊ ဝေလင်းအောင်၊ ရန်နိုင်ဦးနှင့် ဟိန်းဇေယျာလင်းတို့ ပါဝင်ကစားခဲ့သည်။
ပွဲချိန် ပထမပိုင်းတွင် မိုးရွာသွန်းမှုနှင့်အတူ နှစ်သင်းစလုံး အပြိုင်အဆိုင် ကစားခဲ့ပြီး နီပေါအသင်းက ဂိုးသွင့်ခွင့်များ ပိုမိုဖန်တီးနိုင်ခဲ့သည်။ ပွဲချိန်၁၆ မိနစ်နှင့် ၂၁မိနစ်တို့တွင် နီပေါအသင်း၏ ပင်နယ်တီ ဧရိယာအတွင်း ကန်သွင်းချက်များကို ဂိုးသမား ကျော်ဇင်ဖြိုး ကာကွယ်နိုင်ခဲ့၍ မြန်မာအသင်း ဂိုးမပေးခဲ့ရခြင်းဖြစ်သည်။ ပွဲချိန် ၃၃ မိနစ်တွင် မြန်မာအသင်း ကွင်းလယ်လူ လွင်မိုးအောင် ကန်သွင်းချက် နီပေါနောက်ခံလူ နှင့်ထိထွက်သွား၍ ပထမပိုင်း အပြီးတွင် ဂိုးမရှိ သရေကျနေခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်းသည် ကစားသမားအပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး ပွဲချိန် ၅၅ မိနစ်တွင် လူစားဝင်လာသည့် ဝင်းနိုင်ထွန်း ကန်သွင်းချက် ဂိုးတိုင်ထိထွက်သွား၍ အပိုင်ဂိုးတစ်ဂိုး နစ်နာခဲ့သည်။ နီပေါအသင်း၏ အပိုင်ဂိုးသွင်းခွင့်များကို ဂိုးသမား ကျော်ဇင်ဖြိုး လက်စွမ်းပြ ကာကွယ်ခဲ့သည်။ ပွဲချိန် ၈၆ မိနစ်တွင် မြန်မာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဝင်းနိုင်ထွန်းက သွင်းယူပေးခဲ့သည်။

ပြိုင်ပွဲအပြီးတွင် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် Michael Feichtenbeiner က ” ဒီပွဲကို အားပေးတဲ့ ပရိသတ်ကို ကျေးဇူးတင်ပါတယ်။ ပရိသတ်ရဲ့ အားပေးမှုက ကစားသမားတွေကို အားဖြစ်စေပါတယ်။ မကာအိုနဲ့ ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း အခုလိုမျိုး ပရိသတ်အားပေးမှု လိုအပ်ပါတယ်။ နီပေါအသင်းဟာ အရင်ကထက် တိုးတက်လာပြီး အခုမျိုးဆက်က ကွဲပြားခြားနားတဲ့ ခြေစွမ်းရှိတာကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ ပထမပိုင်းမှာ ဂိုးသွင်းနိုင်ရင် ပွဲက တစ်မျိုးဖြစ်သွားမှာဖြစ်ပြီး ဂိုးမသွင်းနိုင်လို့ ကစားရခက်ခဲ့ပါတယ်။ ကျွန်တော် အရင်က ပြောခဲ့သလို ကျွန်တော့်အသင်းက ကစားသမားအချို့ ကြံ့ခိုင်မှုပိုင်း ပြဿနာရှိပါတယ်။ ဒီပွဲအပြီး သုံးသပ်မှုတွေ လုပ်ပါမယ်။ အကောင်းဆုံး ကစားနိုင်သူတွေကိုပဲ လက်ရွေးစင်အသင်းအတွက် ရွေးချယ်သွားပါမယ်” ဟု ပြောကြားခဲ့သည်။

နီပေါ လက်ရွေးစင်အသင်း နည်းပြချုပ် Vincenzo Alberto Annese က ” ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ မိုးရွာလို့ ကစားရခက်ခဲ့ပြီး ကစားသမားအချို့ အမှားလုပ်ခဲ့ပါတယ်။ ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် ဂိုးမရခဲ့ဘူး။ ဒီထက် ပိုအာရုံစိုက်ဖို့လိုပါတယ်။ ကျွန်တော်တို့အသင်းဟာ ပထမပွဲကထက် ပိုကောင်းခဲ့ပေမယ့် ကစားသမား အင်အားမှာတော့ မြန်မာအသင်းက ပိုသာပါတယ်။ မြန်မာအသင်းမှာ ထိုင်းလိဂ်မှာ ကစားနေသူတွေ အများအပြားပါဝင်တာမို့ ကျွန်တော့်အသင်းထက် ကွဲပြားခြားနားစေပါတယ်။ ဒီနေ့ပွဲ တာဝန်ယူတဲ့ ဒိုင်တွေဟာ သူတို့အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု အားနည်းပါတယ်။ တစ်ပွဲလုံး ခြုံကြည့်ရင် ကျွန်တော့်အသင်းအနေနဲ့ တိုးတက်မှုရှိလာပါတယ် ” ဟု ပြောကြားခဲ့သည်။