မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း AFC Futsal Asian Cup 2024 ခြေစစ်ပွဲ အဖွင့်ပွဲစဉ်တွင် အနိုင်ရရှိ

The MFF » Futsal » မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း AFC Futsal Asian Cup 2024 ခြေစစ်ပွဲ အဖွင့်ပွဲစဉ်တွင် အနိုင်ရရှိ

October 7, 2023 / By Admin

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ခြေစစ်ပွဲ အုပ်စု(E)၏ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ပါလက်စတိုင်း အသင်းနှင့် ပွဲစဉ်တွင် ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းသည် ပထမပိုင်းအတွင်း အခွင့်အရေးအချို့ ရရှိခဲ့သော်လည်း ရရှိသည့် အခွင့်အရေးများကို အသုံးမချနိုင်ခဲ့သောကြောင့် ပထမပိုင်းတွင် ပါလက်စတိုင်း အသင်းက ၁-၀ ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင် မြန်မာအသင်းအနေဖြင့် တိုက်စစ်ကစားပုံကို ပြောင်းလဲခဲ့ပြီး ငြိမ်းမင်းစိုးက ချေပဂိုးနှင့် အနိုင်ဂိုးကို ပြန်လည် သွင်းယူနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ထိုပွဲစဉ်နှင့် ပတ်သက်၍ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနည်းပြချုပ် Mr. Bunlert Charoenwong က “ပထမ ပိုင်းမှာ ကစားသမားတွေ စိတ်လှုပ်ရှားမှု အနည်းငယ်ရှိခဲ့ပြီး ကစားကွက်အတိုင်း သေချာမကစားနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမစခင်မှာ ကျွန်တော့်အနေနဲ့ နည်းစနစ်ကို အနည်းငယ် အပြောင်းအလဲပြုလုပ်ခဲ့ပြီး ကစားသမားတွေကလည်း နည်းစနစ်အတိုင်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲအတွက် ကစားသမားတွေရော အသင်းနဲ့ ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေရော၊ ပရိသတ်တွေကိုပါ ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ခြေစစ်ပွဲ အုပ်စု(E) ဒုတိယမြောက်ပွဲစဉ် အဖြစ် အိန္ဒိယ အသင်းနှင့် အောက်တိုဘာ ၉ ရက် မြန်မာစံတော်ချိန် ညနေ ၅း၃၀ အချိန်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။