မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း AFC Futsal Asian Cup 2024 ခြေစစ်ပွဲ ဒုတိယ ပွဲစဉ်တွင် အိန္ဒိယ အသင်းကို အနိုင်ရရှိ

The MFF » Activities » မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း AFC Futsal Asian Cup 2024 ခြေစစ်ပွဲ ဒုတိယ ပွဲစဉ်တွင် အိန္ဒိယ အသင်းကို အနိုင်ရရှိ

October 9, 2023 / By Admin

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ခြေစစ်ပွဲ အုပ်စု(E)၏ ဒုတိယ မြောက်ပွဲစဉ် အဖြစ် အိန္ဒိယ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းသည် သိုင်းဖွဲ့အောင်၊ မျိုးသက်အောင်တို့၏ သွင်းဂိုးများအပြင် ပြိုင်ဘက်အသင်း၏ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ပထမပိုင်းတွင် ၃-၁ ဂိုးဖြင့် အနိုင်ရရှိနေခဲ့သည်။

ဒုတိယပိုင်းတွင် အိန္ဒိယ အသင်းက ချေပဂိုးတစ်ဂိုးထပ်မံ ရရှိခဲ့သော်လည်း မြန်မာအသင်းအတွက် မျိုးသက်အောင်နှင့် လှိုင်မင်းထွန်းတို့က ဂိုးများထပ်မံသွင်းယူနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယခုနိုင်ပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်က “ဒီနိုင်ပွဲက မြန်မာဖူဆယ်လောက တစ်ခုလုံးကို ကိုယ်စားပြုပါတယ်။ အနယ်နယ်အရပ်ရပ်မှာ ရှိတဲ့ အသင်းပိုင်ရှင်တွေ၊ နည်းပြတွေ၊ ကစားသမားတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟုပြောကြားခဲ့သည်။

ထိုပွဲစဉ်နှင့် ပတ်သက်၍ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနည်းပြချုပ် Mr. Bunlert Charoenwong က “ကစားသမားတွေအားလုံး ကျွန်တော်ရဲ့ နည်းစနစ်အတိုင်း ကစားနိုင်ခဲ့ပြီး အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့တယ်။ ဒီနိုင်ပွဲအတွက် ကစားသမားတွေ အသင်းက တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ခြေစစ်ပွဲ အုပ်စု(E) တတိယ မြောက်ပွဲစဉ် အဖြစ် အိမ်ရှင် တာဂျစ်ကစ္စတန် အသင်းနှင့် အောက်တိုဘာ ၁၁ ရက် မြန်မာစံတော်ချိန် ည ၈း၃၀ အချိန်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။