November 21, 2023 / By Admin
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့် ၊ အုပ်စုပွဲစဥ်အဖြစ် နိုဝင်ဘာ ၂၁ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်း၌ မြန်မာ့ လက်ရွေးစင်အသင်းနှင့် မြောက်ကိုရီးယား လက်ရွေးစင်အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ မြောက်ကိုရီးယားအသင်းက ( ၆ – ၁ )ဂိုးဖြင့် အနိုင်ရခဲ့သည်။
မြန်မာအသင်း ပွဲထွက်လူစာရင်းတွင် ကျော်ဇင်ဖြိုး (ဂိုး)၊ ရဲမင်းသူ၊စိုးမိုးကျော်၊ ကျော်မင်းဦး၊ နေမိုးနိုင်၊ အောင်သူ၊ မောင်မောင်လွင်၊ ဇွဲခန့်မင်း၊ ဟိန်းဇေယျာလင်း၊ ဆွမ်လမန်နှင့် ဇော်ဝင်းသိန်း တို့ပါဝင် ကစားခဲ့သည်။

ပွဲချိန် အစောပိုင်းတွင် မြန်မာအသင်းအနေဖြင့် ပုံစံကောင်း ပြသနိုင်ခဲ့သော်လည် မိနစ် ၃၀ နောက်ပိုင်း ဂိုးများဆက်တိုက်ပေးခံရခြင်း ဖြစ် သည်။ မြောက်ကိုရီးယားအသင်းသည် အနိုင်ဂိုးများကို ပထမပိုင်းတွင် ၃ဂိုး၊ ဒုတိယပိုင်းတွင် ၃ဂိုး သွင်းယူခဲ့ခြင်း ဖြစ်ပြီး မြန်မာအသင်းအတွက် တစ်လုံးတည်း ချေပဂိုးကို လူစားဝင် ကစားသမား တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ပွဲချိန် ၇၅ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။

ပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မြောက်ကိုရီးယားအသင်း နည်းပြချုပ် Sin Yong – nam က ” ပြင်ဆင်ထားတဲ့အတိုင်း ကစားနိုင်ပြီး အနိုင် ၃ မှတ် ရလို့ ကျေနပ်ပါတယ်။ ၂ပွဲ ကစားပြီးချိန်မှာ ၃ မှတ်ရထားပြီး မတ်လအတွင်း ကစားရမယ့် ပွဲတွေက အသင်းအတွက် အရေးပါတာကြောင့် အကောင်းဆုံးပြင်ဆင်သွားပါမယ်”ဟု ပြောကြားခဲ့သည်။
မြောက်ကိုရီးယား အသင်းအတွက် ဟက်ထရစ် သွင်းယူပေးခဲ့ပြီး Man of the Match ဆုရရှိခဲ့သည့် Jong IL – Gwan က ” ကစားဖော်တွေ ပံ့ပိုးပေးမှုကြောင့် ဟက်ထရစ် ရခဲ့တာပါ။ မြန်မာအသင်း ကစားပုံကောင်းပေမယ့် နောက်တန်းနဲ့ ကွင်းလယ်က ချိတ်ဆက်မှုပိုင်း အား နည်းပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာအသင်းနည်းပြချုပ် Miachel Feichtenbeiner က ” ခက်ခဲတဲ့ပွဲပါ။ ဂျပန်အသင်းနဲ့ ပွဲကလိုမျိုး ဂိုးကွာခြားက ၅ဂိုး ဖြစ်သွားခဲ့ပါတယ်။ ပွဲချိန် မိနစ် ၃၀ လောက်အထိ အကောင်းဆုံး ကစားနိုင်ပေမယ့် ၃ ဂိုး ပေးလိုက်ရပြီးနောက် ပုံစံကောင်း မရှိတော့ဘူး။ ရလဒ်က ကျေနပ် စရာ မဟုတ်ပေမယ့် ကစားသမားတွေ ကြိုးစား ကစားခဲ့ပါတယ်။ နှစ်သင်းစလုံး အခွင့်အရေးတွေ ဖန်တီးနိုင်ပေမယ့် မြောက်ကိုရီးယားက ပထမပိုင်းရရှိတဲ့ အခွင့်အရေး ၃ ကြိမ်စလုံး ဂိုးရခဲ့ပါတယ်။ ကျွန်တော့် ကစားသမား အချို့ အမှားလုပ်ခဲ့ကြတယ်။ ကစားပြီးတဲ့ ၂ပွဲကို ပြန်သုံးသပ်ပြီး ပြင်ဆင်သွားပါမယ် ” ဟု ပြောကြားခဲ့သည်။