FIFA-MFF U15 Youth League Grand Final တွင် ရှမ်းတောင်အသင်း ဗိုလ်စွဲ

The MFF » Youth Development » MFF U15 Youth League 2023 » FIFA-MFF U15 Youth League Grand Final တွင် ရှမ်းတောင်အသင်း ဗိုလ်စွဲ

December 11, 2023 / By Admin

FIFA-MFF U15 Youth League Grand Final ပွဲစဉ်ကို ယနေ့ (ဒီဇင်ဘာ ၁၁) ရက် ညနေ ၅း၃၀ နာရီက ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းတောင်အသင်းက ရခိုင်ယူနိုက်တက် အသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်။

အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့သည့် တတိယနေရာ လုပွဲတွင် ရာမညအသင်းက ချင်းတွင်းစတား အသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပွဲစဉ်များအပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။

ဆုပေးပွဲတွင် စတုတ္ထရရှိခဲ့သည့် ချင်းတွင်းစတား အသင်းကို ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ကိုလည်းကောင်း၊ ရခိုင်ယူနိုက်တက် အသင်းပိုင်ရှင် ဦးလှကျော်ဝင်းက ဆုကြေးငွေကျပ် သိန်း ၂၀ ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

အထက်မြန်မာပြည် ဂိုးသွင်းအများဆုံးဆု ရရှိသည့် ချင်းတွင်းစတား အသင်းမှ တိုက်စစ်မှူး စိုင်းဘိုဘိုကျော်အား ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းက ဂုဏ်ပြုဆုနှင့် ဆုကြေးငွေကျပ် ၅ သိန်း ကိုလည်းကောင်း၊ အောက်မြန်မာပြည် ဂိုးသွင်းအများဆုံးဆု ရရှိသည့် Yangon Focus FC အသင်းမှ တိုက်စစ်မှူး ဇော်လင်းအောင်အား ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်က ဂုဏ်ပြုဆုနှင့် ဆုကြေးငွေကျပ် ၅ သိန်း ကိုလည်းကောင်း ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲတလျောက် အကောင်းဆုံး ကစားသမားဆု ရရှိသည့် ရှမ်းတောင်အသင်းမှ နေလင်းသွေးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဂုဏ်ပြုဆုနှင့် ဆုကြေးငွေကျပ် ၅ သိန်း ချီးမြှင့်ခဲ့သည်။

ထို့နောက် တတိယဆု ရရှိသော ရာမညအသင်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်းက တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် သိန်း ၄၀ ကိုလည်းကောင်း၊ ဒုတိယဆုရရှိသော ရခိုင်ယူနိုက်တက် အသင်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးဗိုလ်ဌေးက တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် သိန်း ၆၀ ကိုလည်းကောင်း၊ ချန်ပီယံ ရှမ်းတောင်အသင်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက တစ်ဦးချင်း ဆုတံဆိပ်၊ ဆုကြေးငွေကျပ် သိန်း ၁၀ဝ နှင့် ချန်ပီယံဆုဖလားကို ပေးအပ်ခဲ့သည်။

ထို့နောက် မြန်မာနေရှင်နယ်လိဂ် လေးနှစ်ဆက် ချန်ပီယံ ရှမ်းယူနိုက်တက် အသင်းက FIFA-MFF U15 Youth League ချန်ပီယံ ရှမ်းတောင် အသင်းကို ဆုကြေးငွေကျပ် သိန်း ၅၀ ထပ်ဆောင်း ချီးမြှင့်ခဲ့ရာ အသင်းစီအီးအို ဦးရဲမျိုးထွန်းက ပေးအပ်ခဲ့သည်။