မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနှင့် အာဖဂန်နစ္စတန် အသင်း မတ်လတွင် ခြေစမ်းပွဲ ကစားမည်

The MFF » Activities » မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနှင့် အာဖဂန်နစ္စတန် အသင်း မတ်လတွင် ခြေစမ်းပွဲ ကစားမည်

January 25, 2024 / By Admin

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲ၏ ကြိုတင် ပြင်ဆင်မှု တစ်ရပ်အနေဖြင့် ရန်ကုန်မြို့ရှိ MFF Futsal Stadium တွင် ခြေစမ်းပွဲ နှစ်ပွဲယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနှင့် အာဖဂန်နစ္စတန် ဖူဆယ် အသင်းတို့ပွဲစဉ်ကို မတ်လ ၃၀ နှင့် ၃၁ ရက်များတွင် ကျင်းပသွားမည် ဖြစ်ပြီး ကွင်းဝင်ကြေးနှင့် ကျင်းပမည့် အချိန်များကို ထပ်မံထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် နိုင်ငံတကာ ဖူဆယ် ပြိုင်ပွဲများကို ၂၀၁၆ ခုနှစ်က နေပြည်တော်တွင် ကျင်းပခဲ့သော AFF Futsal Club Championship 2016 နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်း တွင် တည်ဆောက်ထားသော နိုင်ငံတကာ အဆင့်မီ ဖူဆယ်ကွင်းဖြစ်သော MFF Futsal Stadium တွင် ပထမဆုံးကျင်းပသည့် နိုင်ငံတကာ ဖူဆယ်ပွဲစဉ်ဖြစ်သည်။

အာဖဂန်နစ္စတန် ဖူဆယ် အသင်းသည် လက်ရှိ ကမ္ဘာ့အဆင့် ရပ်တည်မှု ၅၃ တွင် ရပ်တည်နေသောအသင်းဖြစ်ပြီး ၂၀၀၇ ခုနှစ် ၎င်းတို့၏ ပထမဆုံး နိုင်ငံတကာ ခြေစမ်းပွဲကို ယှဉ်ပြိုင်ကစားခဲ့သည်။ အာဖဂန်နစ္စတန် ဖူဆယ် အသင်းသည် ၂၀၂၃ ခုနှစ်က ကျင်းပခဲ့သော CAFA Futsal Championship ပြိုင်ပွဲတွင် ဒုတိယဆု ရယူနိုင်ခဲ့သည်။ အထက်ပါ ပြိုင်ပွဲတွင် အီရန် ယူ-၂၃ အသင်း၊ အာဖဂန်နစ္စတန် ဖူဆယ် အသင်း၊ ဥဇဘက်ကစ္စတန် ဖူဆယ် အသင်း၊ တာဂျစ်ကစ္စတန် ဖူဆယ်အသင်း၊ တာမစ်နစ္စတန် ဖူဆယ် အသင်း၊ ကာဂျစ်ကစ္စတန် အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနှင့် အာဖဂန်နစ္စတန် ဖူဆယ် အသင်းတို့သည် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော Continental Futsal Championship 2023 ပြိုင်ပွဲ၏ တတိယနေရာလုပွဲတွင် တွေ့ဆုံခဲ့ဖူပြီး အာဖဂန်နစ္စတန် အသင်းက ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင် အုပ်စု (က)၌ အိမ်ရှင် ထိုင်းအသင်း၊ ဗီယက်နမ် အသင်း၊ တရုတ် အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။