၂၀၂၂ အာရှ ယူ၂၃ ခြေစစ်ပွဲအုပ်စု(ဈ)တွင် တရုတ်(တိုင်ပေ)၊ ဗီယက်နမ်တို့နှင့် မြန်မာအသင်းယှဉ်ပြိုင်ရမည်

The MFF » competition » ၂၀၂၂ အာရှ ယူ၂၃ ခြေစစ်ပွဲအုပ်စု(ဈ)တွင် တရုတ်(တိုင်ပေ)၊ ဗီယက်နမ်တို့နှင့် မြန်မာအသင်းယှဉ်ပြိုင်ရမည်

August 11, 2021 / By Admin

အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ ကျင်းပမည့် ၂၀၂၂ ယူ-၂၃ အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲစဉ်များကို လာမည့်အောက်တိုဘာလအတွင်း ကျင်းပသွားမည်ဖြစ်ရာ မြန်မာအသင်းသည် တရုတ်(တိုင်ပေ) နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၂၃အသင်းသည် အုပ်စု(ဈ) တွင် ပါဝင်နေပြီး အိမ်ရှင် တရုတ်တိုင်ပေ၊ ဗီယက်နမ်အသင်းများ နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အာရှယူ-၂၃ ခြေစစ်ပွဲစဉ်ကို အာရှနိုင်ငံများမှ အသက် (၂၃)နှစ်အောက်အသင်းများက အုပ်စု (၁၁)ခုခွဲပြီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အုပ်စုတစ်ခုစီမှ အုပ်စုဗိုလ် (၁၁)သင်း၊ အကောင်းဆုံး ဒုတိယရရှိသော အသင်း (၄)သင်း၊ အိမ်ရှင် ဥဇဘတ်ကစ္စတန် စုစုပေါင်း (၁၆)သင်းဖြင့် နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးကို ၂၀၂၂ခုနှစ်တွင် ကျင်းပမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၂၃အသင်းကို ပြီးခဲ့သည့်ဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိအောင်စွမ်းဆောင် နိုင်ခဲ့သော ဗယ်လီဇာပိုပေါ့ ကနည်းပြချုပ်အဖြစ် ဆက်လက်တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်သည်။ ယင်းအသင်းတွင် ဆီးဂိမ်းပြိုင်ပွဲဝင်ခဲ့သည့် ကစားသမားများနှင့် ယူ-၁၈ အသင်းမှ ကစားသမားများ ပါဝင်လျက်ရှိပြီး ၂၀၂၂ခုနှစ်အတွင်း အာရှပြိုင်ပွဲနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)အတွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။