August 23, 2022 / By Admin
ကျင်းပပြီးစီးခဲ့သော ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ ပြိုင်ပွဲမှ ခြေစွမ်းကောင်းမွန်သည့် ကစားသမားများဖြင့် ဖွဲ့စည်းထားသော ယူ-၁၉ အသင်းနှင့် ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းတို့သည် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ခြေစမ်းပွဲ နှစ်ပွဲ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ ပြိုင်ပွဲတွင် ခြေစွမ်းပြသနိုင်ခဲ့ကြသည့် အသက် ၁၉ နှစ်အောက် ကစားသမားလေးများ အနေဖြင့် မြန်မာနေရှင်နယ်လိဂ် ကလပ်များတွင် ပါဝင်ကစားနိုင်မည့် အခွင့်အရေး ရရှိစေရေး၊ သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် အသင်းများ (အထူးသဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် ယူ-၂၂ အသင်း) အတွက် ကစားသမား ရွေးချယ်ရာတွင် အထောက်အကူ ဖြစ်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် ယခုခြေစမ်းပွဲကို စီစဉ်ကျင်းပခြင်း ဖြစ်သည်။
ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၉ အသင်းနှင့် ခြေစမ်းပွဲကစားမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ အမျိုးသား ဘောလုံးအသင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက ဩဂုတ် ၂၃ ရက်တွင် ဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် တွေ့ဆုံခဲ့ပြီး အားပေးစကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်နှင့် အဖွဲ့ချုပ်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ အမျိုးသား ဘောလုံးအသင်းမှ နည်းပြများနှင့် ကစားသမားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် ဦးတင်မြင့်အောင်တို့က အဖွင့်အမှာစကားနှင့် အားပေးစကား ပြောကြားခဲ့ပြီး နည်းပြများနှင့် ကစားသမားများက တစ်ဦးချင်း မိတ်ဆက်စကား ပြန်လည်ပြောကြားခဲ့ကြကာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနား ပြီးဆုံးခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ အမျိုးသား ဘောလုံးအသင်းနှင့် ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၉ အသင်းတို့၏ ခြေစမ်းပွဲကို ဩဂုတ် ၂၉ နှင့် ၃၁ ရက် မွန်းလွဲ ၃:၃၀ နာရီ အချိန်တွင် သုဝဏ္ဏ ဘောလုံးကွင်း၌ ကျင်းပမည်ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ အမျိုးသား ဘောလုံးအသင်းကို ကစားသမား ၂၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော ကရင်ပြည်နယ်အသင်းနည်းပြ ဦးသိန်းဇံနှင့် ဒုတိယရရှိခဲ့သော မွန်ပြည်နယ်အသင်းနည်းပြ ဦးမင်းသူ၊ ဂိုးနည်းပြအဖြစ် ကရင်ပြည်နယ်အသင်းမှ ဦးသူရနိုင်တို့က တာဝန်ယူ ဆောင်ရွက်ကြမည် ဖြစ်သည်။
ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၉ အသင်းကို ကစားသမား ၃၅ ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်း၊ လက်ထောက် နည်းပြများအဖြစ် ဦးမင်းမင်းထွန်းနှင့် ဦးစထက်နိုင်ဝင်း၊ ဂိုးနည်းပြအဖြစ် ဦးစိန်အေးတို့က တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၉ အသင်းသည် လက်ရှိတွင် Junior Lions အမည်ဖြင့် မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေပြီး စက်တင်ဘာလအတွင်းတွင် အာရှယူ-၂၀ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ အမျိုးသား ဘောလုံးအသင်းသည် ခြေစမ်းပွဲ ကစားရန်အတွက် သုဝဏ္ဏကွင်းရှိ မြန်မာ့လက်ရွေးစင် အသင်းများ အဆောင်တွင် စခန်းသွင်း လေ့ကျင့်ပြင်ဆင် လျက်ရှိသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ အမျိုးသား ဘောလုံးအသင်း နည်းပြ/ကစားသမား စာရင်း
နည်းပြ- ဦးသိန်းဇံ၊ ဦးမင်းသူ
ဂိုးနည်းပြ- ဦးသူရနိုင်
ဂိုး- စောသန်းရွှေဌေး (ကရင်ပြည်နယ်)၊ သန့်ဇင်ဦး (ရှမ်းပြည်နယ်)။
နောက်တန်း- ရဲဝင်းအောင် (ပဲခူးတိုင်းဒေသကြီး)၊ ရှင်မွှေးလကိုင်ကီး (နေပြည်တော်)၊ နေတိုးဇော်၊ ထွန်းထွန်းဝင်း (မွန်ပြည်နယ်)၊ ဝေယံလင်းသူ (ဧရာဝတီတိုင်းဒေသကြီး)၊ ကောင်းခန့်ကျော် (မကွေးတိုင်းဒေသကြီး)၊ ဟန်မျိုးဇင် (ကချင်ပြည်နယ်)၊ စိုင်းပန်းစိန် (ရှမ်းပြည်နယ်)၊ ကောင်းမြတ်ကျော် (မန္တလေးတိုင်းဒေသကြီး)၊ ပြည့်ဖြိုးကျော် (စစ်ကိုင်းတိုင်းဒေသကြီး)၊ အိုကေချစ် (ရန်ကုန်တိုင်းဒေသကြီး)။
အလယ်တန်း- ပိုင်ဖြိုးဇော် (နေပြည်တော်)၊ အောင်ဘုန်းမြတ် (ပဲခူးတိုင်းဒေသကြီး)၊ ဝေယံစိုး (မွန်ပြည်နယ်)၊ အောင်သီဟပိုင် (ရန်ကုန်တိုင်းဒေသကြီး)၊ သော်ထက်အောင် (မန္တလေးတိုင်းဒေသကြီး)၊ ရန်နိုင်ထွန်း (မကွေးတိုင်းဒေသကြီး)၊ စစ်နိုင်ဦး (မွန်ပြည်နယ်)၊ စောနိုင် (ကရင်ပြည်နယ်)၊ စခန့်ချော (ရှမ်းပြည်နယ်)၊ လှမျိုး (နေပြည်တော်)၊ လထွယ် (ကချင်ပြည်နယ်)။
ရှေ့တန်း- ဆန်းမြင့်နိုင် (မွန်ပြည်နယ်)၊ ထွန်းထွန်းနိုင် (ကချင်ပြည်နယ်)၊ လမင်းချစ် (မန္တလေးတိုင်းဒေသကြီး)၊ ဇေညီညီလင်းမောင် (ရန်ကုန်တိုင်းဒေသကြီး)၊ စောစီရဖိုး (ကရင်ပြည်နယ်)။