အာရှ ယူ-၂၀ ခြေစစ်ပွဲစဉ်တွင် ဆော်ဒီကို ရူံးနိမ့်ခဲ့သည့် မြန်မာအသင်း

The MFF » latest news » အာရှ ယူ-၂၀ ခြေစစ်ပွဲစဉ်တွင် ဆော်ဒီကို ရူံးနိမ့်ခဲ့သည့် မြန်မာအသင်း

September 17, 2022 / By Admin

၂၀၂၃ အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-20 Asian Cup Qualification) ပြိုင်ပွဲ​အုပ်စု(က) တတိယ ပွဲစဉ်အဖြစ် မြန်မာ ယူ -၂၀ အသင်း နှင့် အိမ်ရှင် ဆော်ဒီအာရေဗျယူ-၂၀ အသင်းတို့ မြန်မာစံတော်ချိန် စက်တင်ဘာ ၁၇ ၊ နံနက် (၁း၀၀) နာရီတွင် ဆော်ဒီအာရေဗျနိုင်ငံ၊ Al Khobar မြို့ရှိ Prince Saud bin Jalawi ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဆော်ဒီအာရေဗျ ယူ-၂၀ အသင်းက (၅-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းသည် ဟိန်းထက်စိုး (ဂိုး)၊ လာဘ်ဝေဘုန်း၊ ခိုးသန်းဇော်၊ လန်းဆန်းအောင်၊ ကောင်းထက်ပိုင်၊ ဇော်ဝင်းသိန်း၊ စောသန်းကိုသန်း၊ ရဲရင့်ဖြိုး၊ သန်းတိုးအောင်၊ ဉက္ကာနိုင်၊ စွမ်းထက်တို့ဖြင့် ပွဲထွက်ခဲ့ပြီး ဆော်ဒီအာရေဗျအသင်းကို အကောင်းဆုံး ရင်ဆိုင်ခဲ့သော်လည် ပွဲချိန် ပထမပိုင်းမှာပင် (၄) ဂိုး ပေးခံရသည်။

အာရှအင်အားကြီးအသင်းတစ်သင်းဖြစ်သည့် ဆော်ဒီအာရေဗျအသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၁၇မိနစ်နှင့် ၄၅ မိနစ်(ပင်) တို့တွင် Radif ၊ ပွဲချိန် ၂၄ မိနစ်တွင် Al-Najdi ၊ ပွဲချိန် ၃၅ မိနစ်တွင် Al-Oyayri နှင့် ပွဲချိန် ၈၃ မိနစ်တွင် Al-Juwayr တို့က သွင်းယူခဲ့ခြင်းဖြစ်သည်။

အုပ်စုတွင်း အခြားပွဲစဉ်ဖြစ်သည် တရုတ်နှင့် ဉဇဘက်ကစ္စတန်အသင်းတို့ပွဲစဉ်တွင် ဉဇဘက်ကစ္စတန်အသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။

၂၀၂၃ အာရှ ယူ- ၂၀ နောက်ဆုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဉဇဘက်ကစ္စတန်မှာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ထား၍ ယင်းအသင်းနှင့်ကစားသည့် ရလဒ်များကို ထည့်သွင်း တွက်ချက်မည် မဟုတ်ဘဲ ဆော်ဒီအာရေဗျ၊ တရုတ်၊ မော်လ်ဒိုက်နှင့် မြန်မာအသင်းတို့ အုပ်စုပတ်လည် ကစားသည့် ရလဒ်ကိုသာ တွက်ချက်ကာ ခြေစစ်ပွဲ အောင်မည့်အသင်းကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။

အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်တွင် မြန်မာအသင်းသည် နောက်ဆုံးပွဲစဉ်အဖြစ် စက်တင်ဘာ ၁၈ ရက်တွင် မော်လ်ဒိုက်အသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို အသင်းပေါင်း (၄၄)သင်းက အုပ်စု ၁၀စုခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (၁၀) စုမှ အုပ်စုပထမ (၁၀)သင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယ (၅)သင်းတို့ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။