အိမ်ရှင် စင်ကာပူ အသင်းကို (၃-၂)ဂိုးဖြင့် မြန်မာအသင်း အရေးနိမ့်

The MFF » Latest Activities » အိမ်ရှင် စင်ကာပူ အသင်းကို (၃-၂)ဂိုးဖြင့် မြန်မာအသင်း အရေးနိမ့်

December 24, 2022 / By Admin

မြန်မာ့လက်ရွေးစင် အသင်းသည် AFF Mitsubishi Electric Cup 2022 အုပ်စု ဒုတိယမြောက် ပွဲစဉ်အား အဝေးကွင်း ပွဲစဉ် အဖြစ် စင်ကာပူ အသင်းနှင့် ယနေ့ မြန်မာစံတော်ချိန် ၄း၃၀ နာရီ၊ ဂျလန်ဘီဆာ ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ အိမ်ရှင် အသင်းအား (၃-၂) ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။

မြန်မာအသင်းတွင် ဂိုး- မျိုးမင်းလတ်၊ နောက်တန်း – နန္ဒကျော်၊ သီဟထက်အောင်၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း၊ အလယ်တန်း – မောင်မောင်လွင်၊ ကျော်မင်းဦး၊ ဟိန်းထက်အောင်၊ လင်းထက်စိုး၊ လွင်မိုးအောင်၊ ရှေ့တန်း – အောင်ကောင်းမာန် တို့ဖြင့် ပွဲထွက်ခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် အိမ်ရှင်အသင်းအား ရင်ဆိုင် ကစားခဲ့သည်။ ပွဲချိန် ၃၄ မိနစ်တွင် မောင်မောင်လွင် ၁၈ ကိုက်အတွင်း လှလှပပ ကန်သွင်းပြီး (၁-၀)ဂိုးဖြင့် မြန်မာအသင်း ဦးဆောင်နေခဲ့သည်။ သို့သော် ပထမပိုင်း ပြီးကာနီး ပွဲချိန် ၄၅ မိနစ်တွင် အီဟန် ဖန်ဒီက အမြင့်ဘောအား ခေါင်းတိုက်သွင်းယူကာ ချေပခဲ့သဖြင့် (၁-၁)ဂိုးဖြင့် ပထမပိုင်း ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်း ပြန်လည် စတင်ရာတွင် အိမ်ရှင် စင်ကာပူ အသင်း လျင်လျင်မြန်မြန်ဖြင့် တိုက်စစ်ဆင်ခဲ့ရာ ပွဲချိန် ၄၉ မိနစ်တွင် စင်ကာပူ အသင်းကွင်းလယ်လူ ရှာဟီရင်က ၁၈ ကိုက်စည်းအပြင်မှာ အဝေးကန်ချက်ဖြင့် ကန်သွင်းရာ ဂိုးသမား ပုတ်ထုတ်သော်လည်း ဂိုးအတွင်းဝင်ရောက် သွားသဖြင့် စင်ကာပူအသင်း ၂-၁ ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။ ချေပဂိုး ရရှိရေး အတွက် မြန်မာအသင်း တစ်သင်းလုံး အချိတ်အဆက် မိမိဖြင့် ဂိုးရရန် ပြန်လည်ကြိုးပမ်းခဲ့သည်။ ပွဲကစားချိန် ၆၆ မိနစ်တွင် မြန်မာ အကြိမ်ကြိမ် ထိုးဖောက်နေသည့် မြန်မာအသင်း ချေပဂိုး ရရှိခဲ့ပြီး အဆိုပါ ဂိုးကို အသင်းခေါင်းဆောင် မောင်မောင်လွင်ကပင် ၁၈ ကိုက်စည်းအတွင်း ပိတ်ယူသွင်းခဲ့ခြင်း ဖြစ်သည်။ ချေပဂိုး ရရှိပြီးနောက် အနိုင်ဂိုး ရရှိရန် ကစားကွက် အသာစီး ရယူထားသည့် မြန်မာအသင်း ပွဲချိန် ၇၄ မိနစ်တွင် ဂိုးပြန်ပေးခဲ့ရ ပြန်သည်။ စင်ကာပူ ဂိုးသမား ကန်တင်သည့် ဘောလုံး မြန်မာဂိုးဧရိယာ အတွင်းသို့ကျရောက်ချိန်တွင် မြန်မာဂိုးသမား ထွက်မဆွဲသလို နောက်တန်းလည်း ဖျက်ထုတ်ရန် မမီဖြစ်နေသည့် အနေအထားအား အခွင့်ကောင်းယူကာ စင်ကာပူ အသင်းမှ ရှာဝလ် အနူဝါက အပိုင်သွင်းယူခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်း ချေပဂိုး ရရှိရန် ပြန်လည် ကြိုးစားခဲ့သော်လည်း ပွဲချိန် ၈၁ မိနစ်တွင် နန္ဒကျော် အထုတ်ခံရသဖြင့် တစ်ယောက်လျော့ခဲ့ ကစားခဲ့ရသည်။ ချေပဂိုးအတွက် မြန်မာအသင်း အကြိမ်ကြိမ် ဂိုးကန်သွင်းမှုများ၊ ဖန်တီးမှုများ ပြုလုပ်ခဲ့သော်လည်း ကံခေသွားခဲ့ပြီး ဒုတိယ မြောက်ရှုံးပွဲကြုံတွေ့ခဲ့ရသည်။

” ခရစ္စမတ် ကာလ အနိုင်နဲ့ တစ်သင်းလုံးပျော်ရွှင်စေချင်ပါတယ်။ ကစားသမားတ​ွေ ကြိုးစားအားထုတ်မှုကို အသိအမှတ် ပြုပါတယ်။ တစ်ဦးချင်း အမှားကြောင့်သာ ဒီနေ့ပွဲ နိုင်ပွဲမရခဲ့ဘဲ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဂိုးသမား အနေနဲ့ သူ့ရဲ့ ပရော်ဖက်ရှင်နယ် တစ်ယောက်မှာ ရှိနေရမယ့် အစွမ်းအစမျိုး မထုတ်ပြနိုင်ခဲ့ဘဲ အမှားတချို့လုပ်မိခဲ့တယ်။ တစ်သင်းလုံး ဒီနေ့ ကစားပုံ သိပ်ကောင်းခဲ့သလို ဂိုးရနိုင်မယ့် ဖန်တီးမှုတွေ၊ ဂိုးကန်ချက်တွေကိုလည်း အများကြီး လုပ်နိုင်ခဲ့ပါတယ်။” ဟု မြန်မာအသင်းနည်းပြ အန်တွမ်နီဟေးက သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် အုပ်စု တတိယမြောက်ပွဲအား လာအို အသင်းနှင့် အိမ်ကွင်းပွဲစဉ်အဖြစ် လာမည့် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။