မြန်မာနှင့် လာအိုအသင်းတို့ ပွဲစဉ်အတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်

The MFF » latest news » မြန်မာနှင့် လာအိုအသင်းတို့ ပွဲစဉ်အတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်

December 29, 2022 / By Admin

ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင် ဒီဇင်ဘာ (၃၀) ရက်၌ ကျင်းပမည့် ၂၀၂၂ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်ဖြစ်သည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် လာအိုလက်ရွေးစင်အသင်းတို့ ပွဲစဉ်အတွက် ပွဲကြို သတင်းစာရှင်း လင်းပွဲကို ဒီဇင်ဘာ (၂၉) ရက် နေ့လယ်ပိုင်းက သုဝဏ္ဏ အားကစားကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲ မတိုင်မီ Match Coordinating Meeting ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင်အသင်းနှင့် လာအိုလက်ရွေးစင် အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲနှင့်ပတ်သက်သည့် အကြောင်း အရာများကို ဆွေးနွေးခဲ့သည်။

ယင်းနောက်သတင်းစာရှင်းလင်းပွဲကို ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အန်တွမ်နီဟေးနှင့် နောက်ခံကစားသမား ဒေးဗစ်ထန်း၊ လာအို အသင်းနည်းပြချုပ် Hans Michael Weiss နှင့် တိုက်စစ်မှူး Billy တို့တက်ရောက် ဖြေကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးက” စင်ကာပူနဲ့ ကစားတဲ့ ပွဲအပြီးမှာ ဂိုးသမားအပါအဝင် ကစားသမား အချို့ ဒဏ်ရာပြဿနာရှိနေပါတယ်။ မလေးရှား၊ စင်ကာပူတို့နဲ့ ကစားတဲ့ပွဲတွေမှာ ရလဒ်ကောင်းမယူနိုင်ပေမယ့် အသင်းရဲ့ ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း ကျေနပ်ပါတယ်။ အသင်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အကောင်းဆုံး အစီအစဉ်တွေ ရေးဆွဲထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲတွေမှာ မြန်မာအသင်း ခြေစွမ်းတိုးတက်လာတာကို မြင်ရမှာဖြစ်ပါတယ်။ လာအိုနဲ့ပွဲမှာ အနိုင်ရဖို့ အကောင်းဆုံး ပြင်ဆင်ကစားသွားမှာဖြစ်ပါတယ်။ AFF Mitsubishi Electric Cup ပြိုင်ပွဲပြီးသွားရင် ကျွန်တော်အနေနဲ့ ပွဲအများကြီး ကိုင် တွယ်သွားရမှာဖြစ်လို့ စနစ်တကျ ပြင်ဆင်သွားမှာဖြစ်ပါတယ်။ ဆီးဂိမ်းစ်အပါအဝင် အခြားကိုင်တွယ်သွားရမယ့် ပြိုင်ပွဲတွေမှာ အတွေ့ အကြုံရှိ ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို အချိုးညီစွာ အသုံးပြုသွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

နောက်ခံကစားသမား ဒေးဗစ်ထန်းက”လာအိုနဲ့ပွဲမှာ ရလဒ်ကောင်းဖို့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ နိုင်ပွဲရဖို့ ကျွန်တော်တို့ ကစားသမားတွေ ကြိုးစားသွားမှာ ဖြစ်ပါတယ်။မနက်ဖြန်မှာ တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်ရော၊ တစ်ဦးချင်းစီရဲ့ စွမ်းဆောင်မှုပါ အကောင်းဆုံး ပုံစံရရှိဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့အသင်း ရလဒ်ဆိုးဆိုး၊ ကောင်းကောင်း အမြဲတစေ အားပေးနေတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ် ” ဟု ပြောကြားခဲ့သည်။

လာအို အသင်းနည်းပြချုပ် Hans Michael Weiss “AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲဟာ အိမ်ကွင်း၊ အဝေးကွင်း ကစားရတာကြောင့် ပွဲပန်းမှုတွေရှိပါတယ်။ မြန်မာအသင်းက ကျွန်တော်တို့ထက် နားရက်ပိုရထားတာကြောင့် ပိုမိုလန်းဆန်းနေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းအနေနဲ့ တစ်ပွဲထက် တစ်ပွဲ ပိုမိုကောင်းမွန်လာကြောင်း ပြသသွားမှာဖြစ်ပါတယ်။ မြန်မာအသင်းဟာ အသင်းကောင်းတစ်သင်းပါ။ ကျွန်တော်တို့ အဝေးကွင်းမှာ ကစားရမှာဖြစ်ပေမယ့် အကောင်းဆုံး ပြင်ဆင်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

လာအို တိုက်စစ်မှူးBilly က “ပွဲပန်းမှုတွေရှိပေမယ့် အကြောင်းပြချက်ပေးနေမှာ မဟုတ်ပါဘူး။ မြန်မာနဲ့ ကစားရမယ့်ပွဲမှာ ရလဒ်ကောင်းဖို့ ကြိုးစား ကစားသွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။