March 22, 2023 / By Admin
မြန်မာ့လက်ရွေးစင် အသင်းသည် Hero Tri-Nation International Football Tournament 2023 ဖိတ်ခေါ်ပြိုင်ပွဲတွင် အိမ်ရှင် အိန္ဒိယအသင်းအား (၁-၀)ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ ယနေ့ မတ်လ ၂၂ ရက်၊ မြန်မာစံတော်ချိန် ည (၇)နာရီက အင်ဖာမြို့ Khuman Lampak ကွင်းတွင်ကျင်းပခဲ့သည့် အဆိုပါ ပွဲစဉ်တွင် မြန်မာအသင်းသည် ၄း၂း၃း၁ ကစားဟန်ဖြင့် ပွဲထွက်ခဲ့ပြီး ဂိုးရရှိနိုင်မည့် အခွင့်အလမ်းများ ဖန်တီးနိုင်ခဲ့သော်လည်း ပထမပိုင်း ပြီးကာနီး ထပ်ဆောင်းအချိန်ပို တစ်မိနစ်တွင် အိမ်ရှင်အသင်း၏ ကျောနံပါတ်(၇) A Thapa က မြန်မာနောက်တန်း ဖျက်ထုတ်ရာမှ ပြန်စင်ထွက်လာသည့် ဘောလုံးကို အနီးကပ် ပိတ်သွင်းယူခဲ့ပြီး (၁-၀)ဂိုးဖြင့် အိန္ဒိယအသင်းက ဦးဆောင်နေခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်း ချေပဂိုးအတွက် ပြန်လည်ကြိုးပမ်းခဲ့သော်လည်း ဂိုးကံခေခဲ့သလို အိမ်ရှင်အသင်းကလည်း အနိုင်ရလဒ်အား ထိန်းထားနိုင်ခဲ့ပြီး အနိုင်(၃)မှတ် ရယူခဲ့သည်။

“ဒီနေ့ပွဲက ကျွန်တော်တို့အတွက် ပထမဆုံးပွဲ ဖြစ်ပေမဲ့ အသင်းရဲ့ စွမ်းဆောင်မှုကိုတော့ ကျေနပ်အားရမိပါတယ်။ ရလဒ်ကတော့ ကျွန်တော်တို့အတွက် မဖြစ်ခဲ့ပါဘူး။ ပွဲပြီးသွားတဲ့ အချိန်မှာ ခံစားမှုက ကျွန်တော့်အတွက် မြန်မာအသင်း နည်းပြဖြစ်ရတာ ဝမ်းသာ ကျေနပ်မိသလိုပါပဲ။ ဒီအသင်းကို တစ်ဆင့်ခြင်း ကြိုးပမ်း သွားမယ်ဆိုရင် အနာဂတ်မှာ အောင်မြင်ဖို့ အလားအလာ အများကြီးမြင်နေရလို့ပါ။ ကောင်းတဲ့အချက်တွေ အသင်းမှာရှိနေပါတယ်။ ဒီနေ့ကတော့ နောက်မှာလည်း အမှားလုပ်ခဲ့သလို ရှေ့မှာလည်း အမှားတွေရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ ဂိုးရဖို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တာလည်း ရှိတာပါပဲ။ တစ်ပွဲလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ ကျွန်တော်တို့အသင်း စွမ်းဆောင်မှုက အချိန်တိုတွင်းမှာ ကျေနပ်အားရစရာပါ။ အိန္ဒိယ အသင်းအားသာချက် အားနည်းချက်ကိုတော့ မပြောလိုပါဘူး။ ဒါသူတို့အသင်း နည်းပြနဲ့သာ သက်ဆိုင်ပါတယ်။ ကျွန်တော်ပြောနိုင်တာကတော့ အိန္ဒိယအသင်း နိုင်ပွဲအတွက် ဂုဏ်ပြုပါတယ်။ ပြီးတော့ ပရိသတ်တွေနဲ့ ပွဲစီစဉ်သူတွေနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး အားရစရာဖြစ်ပြီးတော့ ပွဲကလည်း တကယ်ကို ဖျော်ဖြေမှု အပြည့်နဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။” ဟု နည်းပြချုပ် မိုက်ကယ်က မီဒီယာများအား ဖြေကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် ဒုတိယမြောက်ပွဲစဉ် အဖြစ် ကာဂျစ္စတန် အသင်းနှင့် မတ်လ ၂၅ ရက်၊ မြန်မာစံတော်ချိန် ည(၇)နာရီတွင် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
