အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၆ အသင်း အပြီးသတ် လူစာရင်း ထုတ်ပြန်

U16

လာမည့် ဇူလိုင်လ ၁၀ ရက်မှ ၂၃ ရက်ထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့တွင် ကျင်းပမည့် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ (AFF U16 Championship 2016) ကို ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် ယူ-၁၆ အသင်း၏ အပြီးသတ် လူစာရင်းကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းကို မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး)မှ ကစားသမား အများစု ဖြင့် ဖွဲ့စည်းထားပြီး ကျင်းပလျှက် ရှိသည့် မြန်မာနေရှင်နယ်လိဂ် ယူ-၁၈ ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နေသည့် အသင်းလည်း ဖြစ်သည်။

မြန်မာ ယူ-၁၆ အသင်းကို နည်းပြချုပ် အဖြစ် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ယူ-၂၀ အသင်း၏ နည်းပြတစ်ဦး ဖြစ်သူ ဦးညီညီလတ်က တာဝန်ယူ ကိုင်တွယ်ကာ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ယူ-၁၆ အသင်းသည် ပြိုင်ပွဲအကြို ပြင်ဆင်မှု အဖြစ် ပြီးခဲ့သည့် အပတ်က လိဂ်-၂ ပြိုင်ပွဲဝင် တက္ကသိုလ် လက်ရွေးစင် အသင်း၊ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းများဖြင့် ခြေစမ်း ကစားထားပြီး တက္ကသိုလ် လက်ရွေးစင် အသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရကာ ယူ-၁၉ အသင်းကို (၁-၀) ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

မြန်မာ ယူ-၁၆ အသင်းတွင် ကစားသမား ၂၃ ဦး ပါဝင်မည် ဖြစ်ကာ လာမည့် ဇူလိုင် ၄ ရက် (တနင်္လာနေ့တွင်) ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့သို့ ထွက်ခွာမည် ဖြစ်သည်။ ဖနွမ်းပင် မြို့တွင် မြန်မာ ယူ-၁၆ အသင်းအနေဖြင့် တစ်ဘက် အုပ်စုတွင် ကျရောက် နေသည့် အိမ်ရှင် ကမ္ဘောဒီးယား ယူ-၁၆ အသင်းနှင့် ဇူလိုင် ၆ ရက်တွင် ခြေစမ်းပွဲတစ်ရပ် ကစားမည် ဖြစ်သည်။

မြန်မာ ယူ-၁၆ အသင်းသည် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲတွင် အုပ်စုကျပ်ထဲ၌ ကျရောက်နေပြီး သြစတြေးလျ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ အသင်းများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ မြန်မာ အသင်းသည် အုပ်စု အဖွင့်ပွဲစဉ် အဖြစ် ဇူလိုင် ၁၀ ရက် ညနေတွင် သြစတြေးလျ အသင်းနှင့် ရင်ဆိုင် ကစားရမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း၏ အုပ်ချုပ်/နည်းပြ အဖွဲ့

ဦးမိုးဝေအောင် (အသင်းအုပ်ချုပ်သူ)
ဦးညီညီလတ် (နည်းပြချုပ်)
ဦးမင်းသူ (လက်ထောက်နည်းပြ)
ဦးမိုးကျော်ထွေး (လက်ထောက်နည်းပြ)
ဦးမြကိုမင်း (ဂိုးနည်းပြ)
ဒေါက်တာ ဖြိုးမင်းဦး (အသင်းဆရာဝန်)
ဦးပြည့်ဖြိုးအောင် (အကြောကျွမ်းကျင်)
ဦးရဲမင်းဝင်း (မီဒီယာ တာဝန်ခံ)

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း၏ အပြီးသတ် လူစာရင်း

ဂိုး – ထက်ဝေလျှံစိုး၊ အောင်မြင့်မြတ်၊ ခေါင်ဘုန်းကျော်။

နောက် – ကျော်ဖြိုးဝေ၊ ပြည့်ဖြိုးမောင်၊ ဇွဲခန့်မင်း၊ ဘိုဘိုအောင်၊ ဒွေးကိုကို၊ သူရစံ၊ အောင်ဝဏ္ဏစိုး၊ မင်းမြတ်သူ၊ သက်ပိုင်ထွေး၊ စည်သူမိုးခန့်။
လယ် – ထက်ဖြိုးဝေ၊ ရဲဝင်းထွန်း၊ မြတ်ကောင်းခန့်၊ ပြည့်စုံနိုင်၊ သက်ပိုင်ထူး၊ ဝေယံဦး၊ ဘုန်းနန္ဒ။
ရှေ့ – ဟိန်းထက်အောင်၊ ရဲရင့်အောင်၊ ဝင်းနိုင်ထွန်း။

Leave a Reply

Your email address will not be published. Required fields are marked *