ဇန်နဝါရိလ (၁၆)ရက်နေ့ ညနေက အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ချင်းယူနိုက်တက် အသင်းနှင့် ရတနာပုံ အသင်းတို့၏ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွင် ရတနာပုံ အသင်းက ပွဲချိန် ပြည့်နီးပါး ချင်းယူနိုက်တက် အပေါ် ဖိကစားနိုင်ခဲ့ သော်လည်း ချင်းယူနိုက်တက်၏ မာကျောသည့် ခံစစ်ကို ကျော်ဖြတ်နိုင်ခြင်း မရှိသောကြောင့် ဂိုးမရှိ သရေရလဒ်နှင့်သာ ပွဲပြီးဆုံးခဲ့ ရသည်။
ချင်းယူနိုက်တက်တွင် နိုင်ငံခြားသား ကစားသမား ၃ ဦးစလုံး ပါဝင်လာပြီး ချစ်စုမိုး၊ ဆောင်လမန် စသည့် အဓိက ကစားသမားများနှင့် ရတနာပုံကို ရင်ဆိုင်ခဲ့သည်။ ရတနာပုံတွင်လည်း အောင်သူ၊ ကိသ်၊ ရှိုင်းသူရ၊ ရဲကိုဦး၊ လှိုင်းဘိုဘို၊ သက်နိုင် စသည့် ကစားသမား အစုံအလင် ပွဲထွက်ကာ ချင်းယူနိုက်တက်ကို ရင်ဆိုင်ခဲ့သည်။
အဖွင့်ပွဲတွင် ရှုံးနိမ့်ထားခဲ့သည့် အတွက် ချင်းယူနိုက်တက် အသင်းမှာ ယခုပွဲတွင် ပွဲစကတည်းက ရတနာပုံကို တိုက်စစ်ဖွင့် ကစားခဲ့သည်။ ထို့ကြောင့် ပွဲချိန် ၁၀ မိနစ် အတွင်းမှာပင် ရတနာပုံ အသင်း၏ ဂိုးပေါက်ကို နှစ်ကြိမ်တိုင် ခြိမ်းခြောက် နိုင်ခဲ့သည်။ သို့သော် အဆုံးသတ် အားနည်းမှုကြောင့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းတော့ မရှိခဲ့ပေ။ ပွဲချိန် ၁၀ မိနစ် နောက်ပိုင်းတွင်မူ ရတနာပုံက ကွင်းလယ်တွင် ပိုမို ထိန်းချုပ်လာနိုင်ခဲ့သည်။ သို့သော် ကိသ် ခြေစွမ်း ပုံမှန်အောက် ကျဆင်းနေခဲ့သလို အောင်သူကိုလည်း ချင်းယူနိုက်တက် နောက်ခံလူများ အဆင့်ဆင့် ထိန်းချုပ် နိုင်ခဲ့သောကြောင့် ထိရောက်သည့် ဂိုးကန်သွင်းခွင့် မရခဲ့ပေ။ ချင်းယူနိုက်တက် ကမူ ဆောင်လမန်၊ မောရစ် စသည့် ကစားသမားများ၏ တိုးအားကို အားပြုကာ တန်ပြန် တိုက်စစ်ဖြင့် ရတနာပုံကို ပြန်လည် ခြိမ်းခြောက် ခဲ့သည်။
ဒုတိယပိုင်း ပြန်စချိန်တွင် ရတနာပုံက လှိုင်းဘိုဘိုအား ဝင်းနိုင်စိုးဖြင့် လူစားလဲကာ တိုက်စစ် မြှင့်ခဲ့သည်။ ရတနာပုံ အနေဖြင့် ဘောလုံးပိုင်ဆိုင်မှု အသာစီး ရလာခဲ့သော်လည်း ထိရောက်သည့် တိုက်စစ်ဆင်မှုမျိုး ပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။ ချင်းယူနိုက်တက် အသင်း ခံစစ်ကြောင်းကလည်း အကောင်းဆုံး ရှင်းထုတ် ကာကွယ် နိုင်ခဲ့သည်။ ထို့ကြောင့် ရတနာပုံ အသင်း နည်းပြချုပ် ရီနီ အနေဖြင့် မျိုးကိုထွန်း၊ ရန်ပိုင် တို့ကို ထည့်သွင်းကာ ထပ်မံ၍ တိုက်စစ်မြှင့်ခဲ့သည်။ သို့သော် ချင်းယူနိုက်တက် ခံစစ်ပိုင်းက အမှားအယွင်း မရှိခဲ့ဘဲ ရတနာပုံ၏ တိုက်စစ်ဆင်မှုကို နှစ်ဆင့်၊ သုံးဆင့် ထပ်ကာထပ်ကာ ဖျက်ထုတ်နေခဲ့ သောကြောင့် ပွဲပြီးသည် အထိ နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ ပွဲအပြီးတွင် သရေရလဒ်ကိုသာ လက်ခံခဲ့ရသည်။