
နောက်ဆုံးမိနစ် သွင်းဂိုးများဖြင့် မြန်မာ ယူ-၁၆ အသင်း အိမ်ရှင် ကမ္ဘောဒီးယားကို အနိုင်ရ
July 6, 2016
အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲတွင် အသုံးပြုမည့် ဥပဒေ အသစ်များကို ရှင်းလင်းမှု ပြုလုပ်
July 9, 2016ပရိသတ် တစ်သောင်းကျော် ရှေ့မှောက်တွင် အိမ်ရှင် ကမ္ဘောဒီးယား ယူ-၁၆ အသင်းကို အရှုံးရလဒ်မှ အနိုင်ရလဒ်သို့ ရောက်အောင် ကစားနိုင်ခဲ့ပြီးနောက် မြန်မာအသင်း နည်းပြချုပ် ဦးညီညီလတ်က ကစားသမားများကို ချီးကျူးပြောဆို ခဲ့ပြီး ၎င်းတို့၏ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်က အနိုင်ရလဒ်ကို ရရှိစေခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။
ကမ္ဘောဒီးယား အသင်းနည်းပြ၏ ကမ္ဘောဒီးယား အနေဖြင့် ယခုပွဲကို အနိုင်ရသင့် ခဲ့ကြောင်း ပြောကြားမှုကို ဦးညီညီလတ်က မီဒီယာများထံ ပြန်လည် ဖြေကြားရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဦးညီညီလတ်က “ကမ္ဘောဒီးယား နည်းပြပြောသွားတာ အမှန်ပါပဲ။ သူတို့ နိုင်လောက်တဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့် အသင်းက နောက်ဆုံး မိနစ်ထိ ရေကုန်ရေခန်း၊ ကျားကုတ်ကျားခဲ အနိုင်မခံ အရှုံးမပေးပဲ ကစားခဲ့လို့ အနိုင်ရခဲ့တာပါ”ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းသည် ယခုပွဲတွင် ပွဲချိန် ၂၄ မိနစ်၌ အသင်းခေါင်းဆောင် ပြည့်စုံနိုင် သွင်းယူပေးသည့် သွင်းဂိုးကြောင့် ပထမပိုင်း ပြီးဆုံးချိန် အထိ ပွဲကို ဦးဆောင် နိုင်ခဲ့သော်လည်း ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင် နှစ်ဂိုးဆက် ခွင့်ပြုခဲ့ရကာ ကမ္ဘောဒီးယား အသင်း၏ ပြန်လည် ဦးဆောင်မှုကို ခံခဲ့ရသည်။ ယင်းနောက်တွင် ချေပဂိုး ရရှိရေး အစွမ်းကုန် ကြိုးစားခဲ့ကြ သောကြောင့် ပွဲချိန် ၈၉ မိနစ်နှင့် ၉၂ မိနစ်များတွင် ချေပဂိုးနှင့် အနိုင်ဂိုးများကို သွင်းယူကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ကွင်း၏ မြက်ခင်းပြင် အနေအထား၊ မိုးရွာသွန်းထားမှု များကြောင့် ၎င်း၏ ကစားသမားများ အနေဖြင့် ယနေ့ပွဲတွင် ကစားကွက် တည်ရန် ခက်ခဲခဲ့ပြီး ဘောလုံး ထိန်းသိမ်းရာတွင်လည်း အမှားအယွင်းများ ဖြစ်ခဲ့ကြောင်း ဆိုခဲ့သည်။ ပြိုင်ပွဲကျင်းပသည့် National Olympic Stadium ကွင်းသည် မြက်ခင်းတု ကွင်းဖြစ်သောကြောင့် မိုးရွာထားချိန်တွင် ဘောလုံးအရှိန် မြန်သဖြင့် မြန်မာ ကစားသမားများ ပွဲချိန်အတွင်း အခက်တွေ့ခဲ့ရခြင်း ဖြစ်သည်။ မြန်မာအသင်း အနေဖြင့် အဆိုပါ ကွင်းကြီးတွင် အုပ်စုပွဲစဉ် ၃ ပွဲ ကစားရမည် ဖြစ်ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့ပါက ကျန်ပွဲများ အားလုံးကိုလည်း ယင်းကွင်းကြီး၌ပင် ကစားရမည် ဖြစ်သည်။