
ဖူဆယ်ပွဲဦးထွက်တွင် အမျိုးသမီး ဖူဆယ်အသင်းနှင့် MIC FC အသင်းတို့ နိုင်ပွဲ ပျောက်ခဲ့
July 10, 2016
AFF MYANMAR FUTSAL CLUB ဘောလုံးပြိုင်ပွဲတွင် MIC အသင်း နိုင်ပွဲ စတင်ရရှိ
July 11, 2016AFF U16 Championship 2016 ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြသည့် မြန်မာ ယူ-၁၆ အသင်းနှင့် သြစတြေးလျ ယူ-၁၆ အသင်းတို့၏ ပွဲစဉ်တွင် မြန်မာအသင်း အနေဖြင့် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ သေ်ာလည်း ချေပဂိုး ပြန်လည် ခွင့်ပြုခဲ့ရကာ သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။ မြန်မာနှင့် သြစတြေးလျ အသင်းတို့၏ ပွဲမှာ ပွဲချိန်တစ်လျှောက် အကြိတ်အနယ် ရှိခဲ့ပြီး အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ပွဲအပြီးတွင် တစ်ဂိုးစီ သရေကျခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းတွင် ထက်ဝေလျှံစိုး(ဂိုး)၊ မင်းမြတ်သူ၊ ကျော်ဖြိုးဝေ၊ သက်ပိုင်ထွေး၊ ပြည့်ဖြိုးမောင်၊ အောင်ဝဏ္ဏစိုး၊ မြတ်ကောင်းခန့်၊ ပြည့်စုံနိုင်၊ ထက်ဖြိုးဝေ၊ ဟိန်းထက်အောင်၊ ဝင်းနိုင်ထွန်းတို့ ပွဲထွက်ကစားကာ သြစတြေးလျ အသင်းကို ရင်ဆိုင်ခဲ့သည်။
သြစတြေးလျ အသင်း အနေဖြင့် ပွဲစချိန် ကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူကာ မြန်မာအသင်းကို ဖိကစားခဲ့သည်။ မြန်မာ အသင်းအနေဖြင့်မူ ခံစစ်ပိုင်းကို အားပြု ကစားခဲ့ပြီး သြစတြေးလျ အသင်း၏ အမှားကို စောင့်ကာ တန်ပြန်တိုက်စစ်မှ ထိုးဖောက် ခဲ့သည်။ ထို့ကြောင့် မြန်မာအသင်း အနေဖြင့် ပွဲချိန်တစ်လျှောက် ဘောလုံး ပိုင်ဆိုင်မှုတွင် သြစတြေးလျ အသင်းကို မမီသော်လည်း ပြန်လှန် ထိုးဖောက်ခွင့် များစွာ ရရှိခဲ့ကာ သြစတြေးလျ အသင်းကို ပြန်လှန် ခြိမ်းခြောက် နိုင်ခဲ့သည်။ သြစတြေးလျ အသင်းအနေဖြင့်လည်း ပွဲချိန် တစ်လျှောက် မြန်မာအသင်း ဂိုးပေါက်ကို ၁၅ ကြိမ်ထိ ခြိမ်းခြောက် နိုင်ခဲ့ပြီး မြန်မာအသင်း ဂိုးသမား ထက်ဝေလျှံစိုး လက်စွမ်းပြ ကာကွယ် နိုင်ခဲ့ သောကြောင့်သာ မြန်မာအသင်း အနေဖြင့် သက်သာရာ ရခဲ့ခြင်း ဖြစ်သည်။ မြန်မာ ကစားသမားများ အနေဖြင့်လည်း ယခုပွဲတွင် ပွဲချိန်ပြည့် အာရုံစူးစိုက် ကစားခဲ့ကြပြီး ကြိုးစားအားထုတ်မှု ကောင်းမွန် ခဲ့သည်ကို တွေ့ရသည်။
မြန်မာအသင်း အတွက် ဦးဆောင်ဂိုးကို သြစတြေးလျ ခံစစ်ကြောင်းကို ဝင်းနိုင်စိုးက ဖောက်ထွက်ပြီး ခင်းပေးသည်ကို တွဲဘက် တိုက်စစ်မှူး ဖြစ်သည့် ဟိန်းထက်အောင်က ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ သြစတြေးလျ အသင်းအတွက် ချေပဂိုးကို နောက် သုံးမိနစ် အကြာတွင် ဂျက်ကော့ပ်က တစ်ကိုယ်တော် အစွမ်းဖြင့် သွင်းယူခဲ့ခြင်း ဖြစ်သည်။
အုပ်စု(က)၏ အခြားပွဲစဉ်များကို အိုလံပစ် ကွင်းကြီးတွင် ကျင်းပခဲ့ရာ ဖိလစ်ပိုင် အသင်းကို စင်ကာပူ အသင်းက (၁-၃) ဂိုးဖြင့် အနိုင်ရခဲ့ပြီး မလေးရှား အသင်းကို ဗီယက်နမ် အသင်းက (ဝ-၃) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ အသင်းသည် လာမည့် ဇူလိုင် ၁၂ ရက်တွင် စင်ကာပူ အသင်းနှင့် အိုလံပစ် ကွင်းကြီးတွင် ဒုတိယမြောက် အုပ်စုပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။