တပ်မတော်ကိုယ်ခံပညာနှင့် အားကစားသိပ္ပံမှ ဘောလုံး နည်းပြသင်တန်းနှင့် အခြေခံသင်တန်းများ ဖွင့်လှစ်
July 27, 2020ဥပဒေရေးရာကော်မတီ ( ၁/ ၂၀၂၀) အစည်းအဝေး ကျင်းပ
July 27, 2020ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၀ -၂၀၂၁ ဘောလုံးရာသီအတွက် ပြောင်းလဲလိုက်သော ဖူဆယ်ဥပဒေများကို ဖော်ပြပေး လိုက်ပါသည်။
(ဥပဒေ – ၃ ကစားသမားများ)
ယခင်က အသင်းတစ်သင်းစီ၏ အရံကစားသမားများအနေဖြင့် တစ်ချိန်တည်းတွင် သွေးပူလေ့ကျင့်ခန်းပြုလုပ်ခွင့်သည် ဂိုးသမားပါဝင်မှ ၅ ဦးပြုလုပ်ခွင့် ရရှိခဲ့သော်လည်း ယခုပြောင်းလဲလိုက်သော ဥပဒေများအရ တစ်ချိန်တည်းတွင် ဂိုးသမားမပါဘဲ ကစားသမား ၅ ဦးအထိ သွေးပူလေ့ကျင့်ခန်းပြုလုပ်နိုင်တော့မည် ဖြစ်သည်။
(ဥပဒေ – ၄ ကစားသမား အသုံးအဆောင်)
ယခင်က ဖူဆယ်ပွဲစဉ်များတွင် မျက်မှန်တပ်သူများကို ပွဲကစားခွင့် မပေးခဲ့ဘဲ ယခုအချိန်တွင် တရားဝင် ခွင့်ပြုထားသည့် အားကစားမျက်မှန်ကို ဝတ်ဆင် ကစားနိုင်မည်ဖြစ်သည်။ ထို့အပြင် နူးညံ့ ပေါ့ပါး၍ တရားဝင်ခွင့်ပြုထားသော ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး အန္တရာယ် မဖြစ်စေနိုင်သည့် ဦးခေါင်းကာ၊ မျက်နှာဖုံး၊ ဒူးကာ၊ တံတောင်ကာနှင့် ဂိုးသမား ဦးထုပ်တို့ကို လည်း ခွင့်ပြု ပေးသွားမည် ဖြစ်သည်။
အပေါ်စွပ် အင်္ကျီ (Bibs)– အရံကစားသမားများ အနေဖြင့် မိမိအင်္ကျီပေါ်မှ နေ၍ အပေါ်စွပ် အင်္ကျီ (Bibs) အား ဝတ်ဆင်ထားရမည် ဖြစ်ပြီး လူစားလဲခံရသော ကစားသမားမှလည်း လူစားလဲလှယ်ခြင်း ပြီးမြောက်လျှင် အပေါ်စွပ် အင်္ကျီ (Bibs)အာား ဝတ်ဆင်ထားရမည် ဖြစ်သည်။ အပေါ်စွပ် အင်္ကျီ (Bibs) အရောင်သည် နှစ်သင်းစလုံး၏ အင်္ကျီ အရောင်နှင့်သာမက တစ်ဖက်အသင်း၏ အပေါ်စွပ် အင်္ကျီ (Bibs) အရောင်နှင့်လည်း အရောင်ကွဲလွဲရမည်။
ယခင်က ဂိုးသမားများ ဝတ်ဆင်လေ့ရှိသည့် ဒူးကာ၊ တံတောင်ကာများကို ဂျာစီနှင့် ဘောင်းဘီတို့၏ အဓိက အရောင်များနှင့် မတူညီသော အရောင်များကို ဝတ်ဆင်ကစားခွင့် ပြုခဲ့သော်လည်း ယခု ပြောင်းလဲလိုက်သော ဥပဒေများ အရ ဒူးကာသည် ဘောင်းဘီ၏ အဓိက အရောင်နှင့် တူရမည် ဖြစ်ပြီး တံတောင်ကာသည် ဂျာစီ၏ လက်မောင်း အရောင်နှင့် တူညီစွာ ဝတ်ဆင်ရမည်ဟု ဖော်ပြပါရှိသည်။ အကယ်၍ ဂျာစီနှင့် ဘောင်းဘီ အရောင်များနှင့် တူညီသော ဒူးကာ၊ တံတောင်ကာများ ရွေးချယ်စရာ မရှိပါက အနက်ရောင်နှင့် အဖြူရောင် ဒူးကာ တံတောင်ကာများကို ဝတ်ဆင်နိုင်သည်။ သို့သော် ဒူးကာနှင့် တံတောင်ကာသည် တူညီသော အရောင်ဖြစ်ရမည်။
(ဥပဒေ – ၅ တာဝန်နှင့် ဝတ္တရား)
အသင်းတာဝန်ရှိသူများအနေဖြင့် ပြစ်မှု ကျူးလွန်မှုများ ရှိခဲ့ပါက ဒိုင်လူကြီးများမှ ကျူးလွန်သူကို နှုတ်ဖြင့်သတိပေးခြင်း၊ အဝါကတ်ပြသခြင်း၊ အနီကတ်ပြ၍ ကစားကွင်းအတွင်း နည်းစနစ် ဧရိယာမှ ထုတ်ပယ်ခြင်းများ ပြုလုပ်နိုင်သည်။ အကယ်၍ ပြစ်ဒဏ်ကျူးလွန်သူ မသေချာ မထင်ရှားပါက အသင်းတွင် တာဝန်အရှိဆုံး နည်းပြချုပ်အနေဖြင့် ပြစ်ဒဏ်ကို တာဝန်ယူရမည် ဖြစ်သည်။ အသင်း၏ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူ ထုတ်ပယ်ခြင်းခံရပါက ယင်းအနေဖြင့် အသင်း၏ နည်းစနစ်ဧရိယာတွင် ဆက်လက်ရှိ နေနိုင်သည်။
(ဥပဒေ – ၆ အခြား ပြိုင်ပွဲတာဝန်ရှိသူများ)
ယခင်က ဖူဆယ်ပြိုင်ပွဲများတွင် ဒိုင်လူကြီး လေးဦးဖြင့် ကြီးကြပ်စေခဲ့သော်လည်း ယခုအခါတွင် လိုအပ်သော ပြိုင်ပွဲများတွင် အရံအကူဒိုင်လူကြီးတစ်ဦး ခန့်အပ်တာဝန်ပေးအပ်နိုင်ပြီး ဒိုင်လူကြီး ငါးဦးဖြင့် ကြီးကြပ်စေတော့မည် ဖြစ်သည်။ ယင်း၏ တာဝန်ဝတ္တရားများမှာ ဖူဆယ် ဘောလုံးဥပဒေ ပြဌာန်းချက်များနှင့် အညီ ဖြစ်ရမည်။ အရံအကူဒိုင်လူကြီးသည် ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင် နေသော ဒိုင်လူကြီးတစ်ဦးဦး ဆက်လက်တာဝန်မထမ်းဆောင်နိုင်ပါက တတိယဒိုင်အဖြစ် တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သလို ပြိုင်ပွဲမစတင်မီ၊ ပြိုင်ပွဲအတွင်းနှင့် ပြိုင်ပွဲ ပြီးဆုံးသည့် အချိန်များတွင် အခြားဒိုင်လူကြီးများကို အကူအညီပေးရမည် ဖြစ်သည်။ အကယ်၍ လျှပ်စစ် ကစားချိန်ပြ စနစ် ချို့ယွင်းမှု ဖြစ်ပေါ် ခဲ့ပါက ကစားချိန်များကို ဆက်လက်မှတ်သားရန် အတွက် အခြား အချိန်မှတ် ပစ္စည်း (Stopwatch) ကိုယူဆောင်ထားရမည် ဖြစ်ပြီး ကွင်းအတွင်း တာဝန်ယူနေသည့် ဒိုင်လူကြီးများကို လိုအပ်သည့် အချက်အလက်များ ကူညီရန် အမြဲအဆင်သင့် အနေအထားတွင် ရှိနေရမည်။
(ဥပဒေ – ၇ ကစားချိန်)
ကစားချိန် တစ်ပိုင်းစီ (အချိန်ပိုအပါအဝင်)၏ အချိန်ပြည့်ခြင်းကို အချိန်မှတ်ဒိုင်လူကြီး၏ အသံဖြင့်အချက်ပေးမှုဖြင့်သာ ဆုံးဖြတ်မည် ဖြစ်သည်။
ကစားချိန် တစ်ပိုင်းပြီးဆုံး၍ ဒိုင်လူကြီးမှ ခရာ မမှုတ်ခဲ့လျှင်လည်း အချိန်မှတ် ဒိုင်လူကြီးမှ အသံဖြင့် အချက်ပေးခဲ့သည်နှင့် ကစားချိန်တစ်ပိုင်း ပြီးဆုံးမည် ဖြစ်သည်။
ကစားချိန်တစ်ပိုင်းပြီးဆုံးချိန်တွင် အသင်းတစ်သင်းသည် စုပေါင်းပြစ်ဒဏ် (၆) ကြိမ်မြောက် တိုက်ရိုက်အလွတ်တည်ကန်ဘော ကန်ခွင့်ရရှိခဲ့သော်လည်းကောင်း၊ ပင်နယ်တီ ကန်ခွင့်ရရှိခဲ့သော်လည်းကောင်း၊ ကန်သွင်းခွင့် ပြီးမြောက်သည်အထိ ခွင့်ပြုရမည်။ ကစားမှု မြောက်ပြီး အောက်ပါ အချက်များနှင့် ကိုက်ညီလျှင် ကန်သွင်းမှု ပြီးမြောက်သည်ဟု သတ်မှတ်မည်။
- ဘောလုံးရပ်သွားခဲ့လျှင် (သို့မဟုတ်) ကစားကွင်း ပြင်ပသို့ ထွက်သွားခဲ့ခြင်း
- ကစားမှု မြောက်ပြီးနောက် ခုခံသည့် ဂိုးသမားမှ လွဲ၍ အခြားကစားသမားများ (ကန်သွင်းသူ) အပါအဝင် ထပ်မံထိကန်ကစားခဲ့ခြင်း
- ကန်သွင်းသူ သို့မဟုတ် ကန်သွင်းသူအသင်းမှ ပြစ်မှုကျူးလွန်၍ ဒိုင်လူကြီးမှ ကစားပွဲကို ရပ်ဆိုင်းခဲ့ခြင်း
- ပြိုင်ပွဲ ပြီးဆုံးကြောင်း အချိန်မှတ်ဒိုင်မှ အသံဖြင့် အချက်ပေးပြီးနောက် ဥပဒေ -၁ နှင့် ဥပဒေ -၁၀ အရ ဂိုးသွင်းယူခဲ့ပါက အထက်ဖော်ပြပါ အချက်များကို အခြေခံ၍ ဂိုးပေးသင့် မပေးသင့် ဆုံးဖြတ်ရမည်။
ကစားချိန်အပိုင်းများအား အခြားမည်သည့်အကြောင်းအရင်းနှင့်မျှ အချိန်တိုးခြင်းမပြုရ။
(ဥပဒေ – ၈ စတင်ခြင်းနှင့် ပြန်လည်စတင်ခြင်း)
ယခင်က ဖူဆယ်ပြိုင်ပွဲများတွင် စပေးဘောကို ပြိုင်ဘက်၏ ကွင်းဘက်ခြမ်းကိုသာ စတင်ပေးပို့ရပြီး ယခုအခါတွင် မိမိဘက်အခြမ်းသို့ (မည်သည့်ဦးတည်ရာမဆို) စတင်ဘောကို ပေးပို့နိုင်မည် ဖြစ်သည်။ ဘောလုံးကို စတင်ကစားသူမှ လွဲ၍ ကျန်ကစားသမားအားလုံးသည် မိမိ၏ ကွင်းဘက်ခြမ်းတွင်သာ ရှိနေရမည် ဖြစ်ပြီး တစ်ဖက်အသင်းမှ ကစားသမားများသည် ကစားမှုမြောက်ပြီးသည် အထိ ဘောလုံးနှင့် (၃) မီတာအကွာတွင် ရှိရမည်။ ဘောလုံးကို ကန်လိုက်၍ သိသာထင်ရှားစွာ ရွေ့လျားသွားသည်နှင့် ကစားမှုမြောက်ပြီး တစ်ဖက်အသင်းဘက်သို့ တိုက်ရိုက်ကန်သွင်း၍ ဂိုးဝင်ခဲ့လျှင် ဂိုးအဖြစ်သတ်မှတ်မည် ဖြစ်ပြီး မိမိဂိုးဘက်သို့ ကန်သွင်း၍ တိုက်ရိုက် ဂိုးဝင်ခဲ့လျှင် ပြိုင်ဘက်အသင်းသို့ ထောင့်ကန်ဘော ပေးရမည်ဖြစ်သည်။
(ဥပဒေ – ၁၀ ဂိုးဝင်ခြင်းနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ)
ဖူဆယ်ပြိုင်ပွဲများတွင် ပင်နယ်တီ အဆုံးအဖြတ်ကို ယခင်က (၃-၁-၁) ပုံစံဖြင့် ဆုံးဖြတ်ခဲ့သော်လည်း ယခုအခါတွင် (၅-၁-၁) ပုံစံဖြင့် ပြောင်းလဲသွားမည် ဖြစ်ကြောင်း ပြောင်းလဲထုတ် ပြန်ခဲ့သည်။ ယင်းကဲ့သို့ ပင်နယ်တီ ကန်သွင်းမည့် အချိန်တွင် အသင်းနှစ်သင်း၏ ကစားသမားအရေအတွက်(အရံကစားသမားများ အပါအဝင်) သည် တူညီနေရမည် ဖြစ်ပြီး မတူညီပါက ပိုများသည့် အသင်းမှကစားသမားကို လျှော့ချပေးရမည် ဖြစ်သည်။ ယင်းကစားသမား၏ အမည်နှင့် နံပါတ်တို့ကိုလည်း ဒိုင်လူကြီးထံသို့ အကြောင်းကြားရမည် ဖြစ်သည်။ လျှော့ချလိုက်သော ကစားသမားသည် ပင်နယ်တီ ကန်ခွင့်ရ မည် မဟုတ်ပေ။
(ဥပဒေ – ၁၂ လက်ထိဘော(Hand Ball))
ကစားသမားတစ်ဦးကျူးလွန်ခဲ့လျှင် (ဂိုးသမားများ မိမိပိုင် ပင်နယ်တီ ဧရိယာ အတွင်းမှ လွဲ၍)
- ဘောလုံးအား လက်/ လက်မောင်းတို့ဖြင့် တမင်တကာ ထိကိုင်ခဲ့လျှင် လက်/ လက်မောင်း အစိတ်အပိုင်းမှ သွားရောက်ထိခဲ့ ခြင်းအပါအဝင်
- လက်/ လက်မောင်း အစိတ်အပိုင်းဖြင့် ဘောလုံးအား ထိကိုင်ထိန်းသိမ်းပြီးနောက် တစ်ဖက်ဂိုးအတွင်းသို့ ဂိုးသွင်းယူခဲ့လျှင်သော်လည်းကောင်း၊ ဂိုးသွင်းယူနိုင်သည့်အခွင့်အရေး ဖန်တီးယူခဲ့လျှင်သော်လည်းကောင်း လက်ထိဘော (Hand Ball) အဖြစ် သတ်မှတ်မည်။
လက်/လက်မောင်း အစိတ်အပိုင်းဖြင့် ဘောလုံးအားထိလိုက်ချိန်တွင် —–
- လက်/လက်မောင်းအား သဘာဝမကျအောင် ခန္ဓာကိုယ်ကြီးမားအောင် ချဲ့ကားထားခြင်း
- လက်/လက်မောင်း အစိတ်အပိုင်းသည် ပုခုံး၏ အထက်နှင့် နောက်တွင် ရှိနေခြင်း (ယင်းအနေအထားတွင် ကစားသမားအနေဖြင့် အခြားခန္ဓာကိုယ် အစိတ်အပိုင်းဖြင့် ဘောလုံးအား ကစားခဲ့ပြီး ၄င်းမှ လက်အား လာထိခဲ့ခြင်းမှ လွဲ၍)
စသည့် အချက်များကို လက်ထိဘော အဖြစ်သတ်မှတ်မည်။
အထက်ပါအခြေအနေ၌ နီးဆုံးတွင် ရှိနေသော အခြားကစားသမားတစ်ဦး၏ ဦးခေါင်း သို့မဟုတ် ခန္ဓာကိုယ် (ခြေထောက်အပါအဝင်)မှ တိုက်ရိုက်လာ၍ ကစားသမား၏ လက်/လက်မောင်းအစိတ်အပိုင်းအား ထိမိခဲ့လျှင် လက်ထိဘောအဖြစ် အကျုံးဝင်သည်။
ကစားသမားတစ်ဦးသည် (ဂိုးသမား အပါအဝင်) တစ်ဖက်ဂိုးအသွင်းသို့ လက်ဖြင့် ဘောလုံးအားထိ၍ (မတော်တဆ ဖြစ်ခဲ့လျှင်မူ) ဂိုးသွင်းယူခဲ့လျှင် ဂိုးအဖြစ် သတ်မှတ်ပေးမည် မဟုတ်ပဲ လက်ထိဘော အဖြစ်သတ်မှတ်ပေးမည်။
အထက်ပါပြစ်မှုများမှ လွဲ၍ ဘောလုံးအား လက်/လက်မောင်းဖြင့် ထိမိခဲ့လျှင် အမြဲတမ်း ပြစ်မှု အဖြစ် မသတ်မှတ်ပါ
- ကစားသမား ကိုယ်တိုင်၏ ဦးခေါင်း သို့မဟုတ် ခန္ဓာကိုယ် (ခြေထောက်အပါအဝင်) မှ တိုက်ရိုက်လာသော ဘောလုံး
- အနီးဆုံးတွင် ရှိနေသော အခြားကစားသမားတစ်ဦး၏ ဦးခေါင်း သို့မဟုတ် ခန္ဓာကိုယ် (ခြေထောက်အပါအဝင်)မှ တိုက်ရိုက်လာ သောဘောလုံး
- အကယ်၍ လက်/လက်မောင်းသည် ခန္ဓာကိုယ်နှင့် အနီးဆုံးတွင် ရှိနေပြီး ခန္ဓကိုယ်ကြီးထွားအောင်ချဲ့ကားထားခြင်း မရှိခဲ့လျှင်
- ကစားသမား မြေပြင်သို့ လဲကျချိန်တွင် လက်/လက်မောင်း အစိတ်အပိုင်းမှ ခန္ဓာကိုယ်နှင့် ကွင်းမျက်နှာပြင်ကြား ခန္ဓာကိုယ်အား အထောက်အကူပြုချိန်တွင် အလျားလိုက် (သို့မဟုတ်) ဒေါင်လိုက် ခန္ဓာကိုယ်မှ အဝေးသို့ ချဲ့ကားထားခြင်း မရှိခဲ့လျှင်
ဂိုးသမားသည် မိမိပိုင် ပင်နယ်တီ ဧရိယာ အပြင်ဘက်တွင် ဘောလုံးအား လက်ဖြင့် ထိကိုင်ကစားခဲ့လျှင် အခြားကစားသမားများ၏ ကန့် သတ်ချက်အတိုင်း ဖြစ်ပြီး အကယ်၍ မိမိပိုင် ပင်နယ်တီ ဧရိယာအတွင်း ခွင့်ပြုချက်မရှိပဲ ဘောလုံးအား ဥပဒေ ပ ထိကိုင်ကစားခဲ့လျှင် တစ်ဆင့် အလွတ် တည်ကန်ဘောဖြင့် ပြန်လည်ကစားစေမည်။ ဂိုးသမားအား စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခြင်း မပြုလုပ်ရပေ။
ရှင်းလင်းသေချာစွာ ဂိုးရရှိနိုင်သော အခွင့်အရေးအား ပျက်ပြယ်အောင် ပြုလုပ်ခြင်း
တစ်ဖက်အသင်း၏ ရှင်းလင်းသေချာစွာ ဂိုးရရှိနိုင်သော အခွင့်အရေးအား ပျက်ပြယ်စေရန် အတွက် ဘောလုံးအား လက်ဖြင့် ထိကိုင် ကစားခဲ့လျှင် မည်သည့်နေရာတွင် ကျူးလွန်သည် ဖြစ်စေ ကျူးလွန်သည့် ကစားသမားအား အနီကတ် ပြသ ထုတ်ပယ်ရမည်။
မိမိပိုင် ပင်နယ်တီ ဧရိယာအတွင်း တစ်ဖက်အသင်း၏ ရှင်းလင်းသေချာစွာ ဂိုးရရှိနိုင်သော အခွင့်အရေးအား ပျက်ပြယ်စေရန် ကျူးလွန်ခဲ့ လျှင် ပင်နယ်တီ ပေးရမည် ဖြစ်ပြီး အကယ်၍ ကျူးလွန်သူမှ ဘောလုံးအား ရည်ရွယ်ကစားခဲ့လျှင် အဝါကတ်ပြသရမည် ဖြစ်သည်။ အခြားအခြေအနေများ (ဥပမာ – ဖက်ထားခြင်း၊ ဆွဲထားခြင်း၊ တွန်းခြင်း၊ ဘောလုံးကစားမှု ဖြစ်နိုင်ချေမရှိသည့် အခြေအနေ) တွင် ကျူးလွန်သူအား အနီကတ်ပြသ ထုတ်ပယ်ရမည်။
ကစားသမား၊ ထုတ်ပယ်ခံထားရသော ကစားသမား၊ အရံ ကစားသမား (သို့မဟုတ်) အသင်းတာဝန်ရှိသူများ အနေဖြင့် ဒိုင်လူကြီး တစ်ဦးဦး၏ ခွင့်ပြုချက် မရရှိပဲ ကစားကွင်းအတွင်းသို့ ဝင်ရောက်လာခြင်း (သို့မဟုတ်) လူစားလဲလှယ်ခြင်း လုပ်ထုံးလုပ်နည်းအား ချိုးဖောက် ၍ကစားကွင်း အတွင်းသို့ ဝင်ရောက်လာပြီး တစ်ဖက်အသင်း၏ ရှင်းလင်းသေချာစွာ ဂိုးရရှိနိုင်သော အခွင့်အရေးအား ပျက်ပြယ် စေရန် ကစားမှုအား အနှောက်အယှက်ပေးခဲ့လျှင် တစ်ဖက်အသင်း၏ ရှင်းလင်းသေချာစွာ ဂိုးရရှိနိုင်သော အခွင့်အရေးအား ပျက်ပြယ်စေခြင်းအတွက် အနီကတ်ပြသ ထုတ်ပယ်ခြင်းခံရမည်။
တစ်ဖက်အသင်း၏ ရှင်းလင်းသေချာစွာ ဂိုးရရှိနိုင်သော အခွင့်အရေးအား ပျက်ပြယ်စေရန် ကျူးလွန်ခြင်း အခြေအနေအတွက် အောက်ပါ အချက်များဖြင့် စဉ်းစားရမည်။
- ဖြစ်စဉ်နှင့် ဂိုး၏ အကွာအဝေး
- ကစားမှု၏ ဦးတည်ရာလမ်းကြောင်း
- ဘောလုံးအား ထိန်းသိမ်းထားနိုင်ချေရှိလျှင် (သို့မဟုတ်) ထိန်းသိမ်းထားလျှင်
- ဂိုးသမား အပါအဝင် ခုခံကစားသူများ၏ တည်နေရာနှင့် အရေအတွက်
- ဂိုးထဲတွင် ကာကွယ်မည့်သူ ရှိ/ မရှိ
အကယ်၍ ဂိုးသမားတစ်ဦးသည် မိမိ၏ ဂိုးပေါက်အား ကာကွယ်ရန်အတွက် ဂိုးရှေ့တွင် ရှိနေလျှင် ၄င်းသည် ရှင်းလင်းစွာ ဂိုးရရှိနိုင်သော အခွင့်အရေး ပျက်ပြယ်စေရန် ကျူးလွန်ခြင်း အခြေအနေအတွက် အခြားသတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် ပြစ်မှု ကျူးလွန်နိုင်ခြင်းမရှိဟု ယူဆသည်။
အကယ်၍ ဂိုးသမားသည် မိမိပိုင် ပင်နယ်တီ ဧရိယာပြင်ထွက်၍ ထစ်ဖက်အသင်း၏ ရှင်းလင်းသေချာစွာ ဂိုးရရှိနိုင်သော အခွင့်အရေးအား ပျက်ပြယ်စေရန် ဘောလုံးအားလက်ဖြင့် တမင် ထိကိုင်ကစားခဲ့ပြီး ထိုအချိန်တွင် ၄င်း၏ ဂိုးပေါက်မှာ ကာကွယ်သူ မရှိခဲ့လျှင် (သို့မဟုတ်) ၄င်း၏ နောက်တွင် အသင်းဖော်တစ်ဦးဦးမှ ဂိုးပေါက်အား ကာကွယ်နေခဲ့လျှင် ဂိုးသမားအနေဖြင့် တစ်ဖက်အသင်း၏ ရှင်းလင်းသေချာစွာ ဂိုးရရှိနိုင်သော အခွင့်အရေးအား ပျက်ပြယ်စေရန် အပြစ်ကျူးလွန်ခြင်း ဖြစ်စေသည်။
အကယ်၍ တိုက်စစ်ဆင်သည့် ကစားသမားအရေအတွက်သည် ဂိုးကိုကာကွယ်သည့် ကစားသမားအရေအတွက်ထက် (ဂိုးသမားမှ လွဲ၍) များနေလျှင် ရှင်းလင်းသေချာစွာ ဂိုးရရှိနိုင်သော အခွင့်အရေး အနေအထားဖြစ်သည်။
ပြစ်မှုများနှင့် မလိုလားအပ်သော ကိုယ်နှုတ်အမူအယာများ ကျူးလွန်ပြီးနောက် ပြန်လည်စတင်ကစားခြင်း —-
အကယ်၍ ကစားမှုရပ်ဆိုင်းလျှင် မူလဖြစ်စဉ် ဆုံးဖြတ်ချက်အတိုင်း ပြန်လည်စတင် ကစားစေရမည်။
ဘောလုံးကစားနေစဉ်တွင် —–
အကယ်၍ ကစားကွင်းပြင်ပတွင် ကစားသမားတစ်ဦးမှ ကစားသမား၊ အရံကစားသမား (သို့မဟုတ်) မိမိ၏ အသင်းတာဝန်ရှိသူများအား ပြစ်မှုကျူးလွန်ခဲ့လျှင် ပြစ်မှုကျူးလွန်သည့် နေရာနှင့် အနီးဆုံး ဘေးစည်းပေါ်မှ တစ်ဆင့် အလွတ်တည်ကန်ဘောဖြင့် ပြန်လည် စတင် ကစားစေရမည်။
အကယ်၍ ကစားသမား တစ်ဦးသည် အရာဝတ္ထုတစ်ခုအားကိုင်၍ (ဖိနပ်၊ ခြေသလုံးကာ) စသည့်တို့ဖြင့် ဘောလုံးအား ထိခဲ့လျှင် ကစားမှုအား တိုက်ရိုက် အလွတ်တည်ကန်ဘော (သို့မဟုတ်) ပင်နယ်တီဖြင့် ပြန်လည်စတင် ကစားစေရမည်။
(ဥပဒေ – ၁၃ တစ်ဆင့်အလွတ်တည်ကန်ခြင်း)
ခြောက်ကြိမ်မြောက် စုပေါင်းပြစ်ဒဏ်များအတွက် ဒုတိယ ပင်နယ်တီ အမှတ်အသားမှ အလွတ်တည်ကန်ဘော ကန်ရမည့် အချိန်တွင် ခုခံသည့် အသင်းမှ ကန်သွင်းသူကို အနှောင့်အယှက် ပြုလုပ်ခဲ့ပါက နှောင့်ယှက်သူသည် သတ်မှတ် အကွာအဝေး ၅ မီတာတွင် ရှိနေခဲ့လျှင်လည်း အဝါကတ်ပြသခံရမည်ဟု ပြောင်းလဲလိုက်သော ဥပဒေများတွင် ပါရှိသည်။
(ဥပဒေ – ၁၄ ပင်နယ်တီ)
ပင်နယ်တီ ကန်သွင်းမည့် အနေအထားတွင် ယခင်က ကာကွယ်မည့် ဂိုးသမား၏ ခြေထောက်နှစ်ချောင်းစလုံးသည် ဂိုးစည်းပေါ်တွင် ရှိနေရမည် ဖြစ်ပြီး ယခုအခါတွင် ကန်သွင်းသူမှ ဘောလုံးအား ကန်လိုက်သည့် အချိန်တွင် ခြေထောက်တစ်ချောင်း ဂိုးစည်းနှင့် ထိနေသည်နှင့် လုံလောက်သည်ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။
ဘောလုံးအား ကန်လိုက်၍ ရှေ့သို့ သိသာထင်ရှားစွာ ရွေ့လျားသွားရင် ကစားမှုမြောက်သည်။
ပင်နယ်တီကန်သွင်းရာတွင်လည်း ခုခံသည့် အသင်းမှ ကန်သွင်းသူကို အနှောင့်အယှက် ပြုလုပ်ခဲ့ပါက နှောင့်ယှက်သူသည် သတ်မှတ် အကွာအဝေး ၅ မီတာတွင် ရှိနေခဲ့လျှင်လည်း အဝါကတ်ပြသခံရမည်ဟု ပြောင်းလဲလိုက်သော ဥပဒေများတွင် ပါရှိသည်။
(ဥပဒေ – ၁၅ ကန်သွင်းခြင်း)
အကယ်၍ ကစားသမားတစ်ဦးဦးက ကန်လိုက်၍ ဘောလုံးသည် မျက်နှာကျက်ကို ထိခဲ့ပါက ပြိုင်ဘက်အသင်းကို မျက်နှာကျက်ထိသည့်နေရာနှင့် အနီးဆုံး ဘေးစည်းမှ ကန်သွင်းခွင့် ပေးရမည်ဖြစ်သည်။ ကန်သွင်းခြင်းမှ တိုက်ရိုက် ဂိုးသွင်းယူခွင့်မရှိဘဲ ကန်သွင်းခြင်းမှ ပြိုင်ဘက် အသင်း ဘက်သို့ တိုက်ရိုက် ဂိုးဝင်ခဲ့ပါက ပြိုင်ဘက် အသင်းသည် ဂိုးမှပြန်လည် စတင်ကစားရမည် ဖြစ်ပြီး မိမိဘက်သို့ တိုက်ရိုက် ဂိုးဝင်ခဲ့ပါက ပြိုင်ဘက် အသင်းသို့ ထောင့်ကန် ဘောပေးရမည် ဖြစ်သည်။
ကန်သွင်းခြင်းမှ ပြန်လည်စတင်ကစားရာတွင် ဘောလုံးကို ဘေးစည်းပေါ်တွင် တည်ငြိမ်စွာ တည်ထားရမည်။
မှတ်ချက်။ ။ဘောလုံးတည်ရာတွင် ယခင်လို ဘေးစည်းအနောက်နားတွင် တည်ခြင်းမျိုးကို ခွင့်ပြုမည် မဟုတ်
ခုခံကစားသမားများ အားလုံးသည် ဘောလုံးနှင့် ၅ မီတာ အကွာတွင် ကစားမှု မြောက်သည်အထိ ရှိရမည်။
ဘောလုံးအား ကန်လိုက်၍ သိသာထင်ရှားစွာ ရွေ့လျားသွားလျှင် ကစားမှု မြောက်သည်။
ကန်သွင်းရန် အသင့်အနေအထားဖြစ်လျှင် (သို့မဟုတ်) ကန်သွင်းရန် အဆင်သင့်ဖြစ်၍ ဒိုင်လူကြီးမှ အချက်ပြသလျှင် ဘောလုံးအား (၄စက္ကန့်)အတွင်း ကန်သွင်းကစားရမည်။
ကန်သွင်းခြင်းဖြင့် ကစားပြီး ကစားမှုမြောက်သွားပြီးနောက် ဘောလုံးသည် ၄င်းစတင်ကစားသော ဘေးစည်းမှ အခြားကစားသမား တစ်ဦးမှ မထိပဲ ကစားကွင်း အပြင် ထွက်သွားခဲ့လျှင် မူလ ကန်သွင်းသော နေရာမှ တစ်ဖက် အသင်းအား ပြန်လည်ကန်သွင်း ကစားစေရမည်။
အကယ်၍ ကစားသမားတစ်ဦးသည် ကန်သွင်းခြင်းကို မှန်ကုန်စွာ ပြုလုပ်ပြီး ဘောလုံးကို ပြန်လည်ယူနိုင်ရန် အတွက် တဖက် ကစားသမားအား ဘောလုံးဖြင့် တမင်ရည်ရွယ်၍ ကန်ခဲ့သော်လည်း ဒိုင်လူကြီးမှ ထိုအပြုအမူသည် သတိမမူ၍ ပြုလုပ်ခြင်း၊ အဆင်မခြင် ပြုမူကစားခြင်း၊ လိုအပ်သည့် အင်အားထက် ပိုမိုအသုံးပြု၍ ကစားခြင်း ဖြစ်သည်ဟု ထင်မြင်ယူဆခြင်း မရှိခဲ့ပါက ကစားပွဲကို ဆက်လက် ကစားခွင့် ပြုရမည်။
ကန်သွင်းသူသည် အခြားကစားသမားတစ်ဦး မထိမီ ဘောလုံးအား ဒုတိယ အကြိမ် ထိကန် ကစားခွင့် မရှိပါ။
(ဥပဒေ – ၁၆ ဂိုးမှ ပြန်လည် ကစားခြင်း)
ဂိုးမှ ပြန်လည် စတင်ကစားရာတွင် ဂိုးသမားသည် ပင်နယ်တီဧရိယာအတွင်း မည်သည့်နေရာမှ မဆို ဘောလုံးကို လက်ဖြင့် ပစ်ထုတ်နိုင်သည်။ ထိုသို့ပစ်ထုတ်ရာတွင် ယခင်က ပင်နယ်တီဧရိယာ ကျော်မှသာ ကစားမှုမြောက်ခဲ့ပြီး ယခုအခါတွင် ပင်နယ်တီ စည်းအတွင်းတွင်လည်း သိသာထင်ရှားစွာ ဘောလုံးရွေ့လျားခဲ့လျှင် ကစားမှုမြောက်သည်။ ဂိုးသမားမှ ဘောလုံးအား ပစ်လွှတ်ရန် အဆင်သင့် ဖြစ်လျှင် သို့မဟုတ် ပစ်လွှတ်ရန် အသင်းဖြစ်၍ ဒိုင်လူကြီးမှ အချက်ပြလျှင် ဘောလုံးအား (၄) စက္ကန့် အတွင်း ပစ်လွှတ် ရမည်။ ပြိုင်ဘက်ကစားသမားများ အနေဖြင့် ကစားမှု မြောက်သည် အထိ ပင်နယ်တီ ဧရိယာ ပြင်ပတွင်သာ ရှိနေရမည် ဖြစ်သည်။
မှတ်ချက်။ ။ ဒေသတွင်း အခြေခံလူငယ်အဆင့်ပြိုင်ပွဲများ (Grassroots Futsal)၊ မသန်စွမ်းပြိုင်ပွဲများတွင်မူ ဂိုးမှ ပြန်လည်စတင်ရာတွင် ဘောလုံးအား ကွင်းလယ်စည်းကို ကျော်လွန်အောင် ပစ်လွှတ်ခွင့် ရှိမည်မဟုတ်ဘဲ ကျော်လွန်သွားခဲ့လျှင် ကျော်လွန်သည့် နေရာမှ ပြိုင်ဘက် အသင်းကို တစ်ဆင့်အလွတ်တည်ကန်ဘော ကန်ခွင့်ပေးရမည် ဖြစ်သည်။ အဆိုပါ ဥပဒေ သတ်မှတ်ချက်အား ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းစည်းကမ်းတွင် အတိအလင်းဖော်ပြထားရမည်။