
AFF Suzuki Cup 2020 အုပ်စုပွဲစဉ်တွင် ထိုင်းကို မြန်မာအသင်း အရေးနိမ့်
December 11, 2021
AFF U-23 Championship 2022 ပြိုင်ပွဲအုပ်စုမဲခွဲပွဲကျင်းပ
December 30, 2021ရွှေခေတ် မြန်မာ့လက်ရွေးစင် ကစားသမား တစ်ဦးဖြစ်ပြီး မြန်မာလက်ရွေးစင် အသင်းများ၊ သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အသင်းများ၏ နည်းပြချုပ်အဖြစ်လည်းကောင်း၊ ပြည်တွင်း ကလပ်အသင်းများ၏ နည်းပြချုပ်၊ အုပ်ချုပ်သူ၊ နည်းစနစ်အကြံပေး အဖြစ်လည်းကောင်း မြန်မာ့ဘောလုံးလောကတွင် ကျရာတာဝန်မှ နိုင်ငံအတွက် ဂုဏ်ဆောင်ပေးခဲ့သူ တစ်ဦးဖြစ်သည့် ဆရာ ဦးတင်ဟန် (အသက်- ၇၉ နှစ်)သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
ဆရာ ဦးတင်ဟန်သည် မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ ၁၉၆၆ အာရှအားကစားပြိုင်ပွဲ၊ ၁၉၆၇ ဥရောပခြေစမ်းခရီးစဉ်၊ ၁၉၆၈ အာရှဖလားပြိုင်ပွဲ၊ ၁၉၆၉ အရှေ့တောင် အာရှကျွန်းဆွယ်ပြိုင်ပွဲ၊ ၁၉၇၃ မာရာဟာလင်ဖလား ပြိုင်ပွဲများတွင် ပါဝင်ကစားခဲ့သူဖြစ်ပြီး ထိုစဉ်က အာရှအကောင်းဆုံးကစားသမား (၁၆) ဦးစာရင်းတွင်လည်း ပါဝင်ခဲ့သူဖြစ်သည်။ ဆရာ ဦးတင်ဟန်သည် ဆောက်လုပ်ရေး အသင်း၊ မကွေးအက်ဖ်စီ၊ ရတနာပုံအက်ဖ်စီ စသည့် အသင်းများ အပါအဝင် မြန်မာ့လက်ရွေးစင် အသင်းများတွင် နည်းပြချုပ်၊ နည်းစနစ် အကြံပေး တာဝန်များ ထမ်းဆောင်ခဲ့ပြီး ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။
ဆရာ ဦးတင်ဟန် ကွယ်လွန်သွားသည့်အတွက် မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ကောင်းရာသုဂတိသို့ ရောက်ရှိပါစေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အဖွဲ့ချုပ်ဝန်ထမ်းများမှ ညိုးငယ်စွာဖြင့် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ဆရာ ဦးတင်ဟန် (ဝဲအစွန်) အားမာဒေးကား ၂၀၀၆ ပြိုင်ပွဲတွင် မြန်မာအသင်း ချန်ပီယံဖြစ်ခဲ့စဉ်က အသင်းနှင့်အတူ တွေ့ရစဉ်။

(ဝဲမှယာ- ဦးကြည်လွင်၊ ဦးတင်ဟန် (ကွယ်လွန်)၊ ဦးတင်မြင့်အောင်




