
အာဆီယံ ယူ- ၁၉ အုပ်စု(က)တွင် ဗီယက်နမ်နှင့် ထိုင်း ဆီမီးတက်
July 11, 2022
ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ အစည်းအဝေးကျင်းပ
July 13, 2022အာဆီယံအမျိုးသမီးချန်ပီယံရှစ် ၂၀၂၂ ခုနှစ် အုပ်စု(ခ) ပွဲစဉ်အဖြစ် ဇူလိုင်လ ၁၁ရက်နေ့ မြန်မာစံတော်ချိန် ၂နာရီ ၃၀မိနစ် ၊ ဖိလစ်ပိုင်နိုင်ငံ Binan အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နှင့် လာအိုအမျိုးသမီးအသင်းတို့ ပွဲစဉ်တွင် မြန်မာအသင်းက (၃-၁) ဂိုးရလဒ်ဖြင့်အနိုင်ရရှိခဲ့သည်။

လာအိုအသင်းနှင့် ယှဉ်ပြိုင်မည့် ပွဲထွက်လူစာရင်းတွင် ဒဏ်ရာမှ ပြန်လည်သက်သာသည့် တိုက်စစ်မှူးဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်တို့ ပါဝင်လာခဲ့ပြီး ဇူးလတ်နဒီ(ဂိုး)၊ ခင်သန်းဝေ၊ ဇွန်ယုယဦး၊ အေးအေးမိုး၊ နန့်ဇူဇူးထက်၊ ပုံပုံပြည့်မောင်၊ မြတ်နိုးခင်၊ဂျူလိုင်ကျော် နှင့် အသင်းခေါင်းဆောင် ခင်မာလာထွန်းတို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းနှင့် လာအိုအသင်းတို့ပွဲစဉ် မတင်မီ မိုးအပြင်းအထန်ရွာသွန်းမှုကြောင့်
အနည်းငယ်နောက်ကျခဲ့ပြီးမှ ပွဲစတင်ခဲ့သည်။ မြန်မာအသင်းအနေဖြင့် ပထမပိုင်းစတင်သည့်နှင့် ဖိအားပေးကစားနိုင်ခဲ့ပြီး အဆုံးသတ်အားနည်းချက် နှင့် လာအိုဂိုးသမား ကာကွယ်နိုင်ခဲ့သည်များကြောင့် ပွဲချိန် မိနစ် ၃၀ကျော်အထိ ဂိုးမရရှိခဲ့ဘဲ ပွဲချိန် ၃၈မိနစ်တွင် စန်းသော်သော် ပေးပို့သည့်ဘောလုံးကို အသင်းခေါင်းဆောင်ခင်မာလာထွန်းပိတ်သွင်းမည့် အနေအထားကို လာအို နောက်ခံလူဖြတ်ထုတ်ရာမှ ဂိုးဝင်သွားခဲ့ပြီး မြန်မာအသင်း ဂိုးစတင်ရရှိခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ပြီး ၄၆ မိနစ်တွင် မြန်မာအသင်းအတွက် ဒုတိယဂိုးကို အသင်းခေါင်းဆောင် ခင်မာလာထွန်းသွင်းယူပေးခဲ့ပြီး တတိယဂိုးကို တိုက်စစ်မှူး ဂျူလိုင်ကျော်မှ ၆၃ မိနစ်တွင် သွင်းယူပေးခဲ့သည်။ လာအိုအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၆၅မိနစ်တွင် တန်ပြန်တိုက်စစ်မှတဆင့် ကျောနံပါတ် ၁၀ မှ သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက ၃-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

” ဒီနေ့ပွဲမှာ လူငယ်ကစားသမားတွေကို အခွင့်အရေးပေးခဲ့သလို ဒဏ်ရာကနေပြန်ပြီး သက်သာလာတယ့် ကစားသမား တချို့ကိုလည်း အသုံးပြုခဲ့ပါတယ်။ အသင်းရဲ့ ကစားပုံက အရင်ပွဲတွေထက်ပိုပြီး ကောင်းလာတာကိုတွေ့ရတယ်။ အနိုင်ရလဒ်အတွက်လည်း
ကျေနပ်ပါတယ်။ အသင်းရဲ့ အဓိက လိုအပ်ချက်ဖြစ်တယ့် တိုက်စစ်အဆုံးသတ်ပိုင်းကိုတော့ ပိုကောင်းအောင် ပြုပြင်ရပါမယ်။ နောက်တန်းအားနည်းချက်အချို့ကိုလည်း ဗီယက်နမ်နဲ့ ပွဲမတိုင်ခင်မှာ အကောင်းဆုံးပြုပြင်သွားပါမယ်” ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း
နည်းပြ ဒေါ်သက်သက်ဝင်းက ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာအသင်းအနေဖြင့် အုပ်စု(ခ)နောက်ဆုံးပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့် ဂျူလိုင် ၁၃ရက် မြန်မာစံတော်ချိန် ၅နာရီ ၃၀မိနစ် Rizal Memorial ကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။