
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် သတ္တမအကြိမ်မြောက် ကွန်ဂရက်စ် 7th MFF Congress 2024 အခမ်းအနားကျင်းပ
December 3, 2024
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ပြိုင်ပွဲကျင်းပမှုများနှင့် ဘောလုံးလှုပ်ရှားမှုများ ယာယီ ရပ်နားထားမည်
April 1, 2025ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်)နှင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် အသင်းများ အောင်မြင်မှု ရရှိရေး၊ မြန်မာ့ဘောလုံးလောက ဖွံဖြိုးရေး လုပ်ငန်းများအတွက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ယနေ့ နံနက် ၁၁ နာရီက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ၊ ဖူဆယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ MFF အထွေထွေ အတွင်းရေးမှုး၊ MFF နည်းစနစ်ဒါရိုက်တာ၊ MNL လိဂ်အမှုဆောင်အရာရှိချုပ်၊ မြန်မာ့လက်ရွေးစင် အသင်းနည်းပြများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲ မစတင်မီ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က သုဝဏ္ဏကွင်း၊ ဖူဆယ်မိုးလုံလေလုံကွင်း၊ အာရှဘောလုံး အဖွဲ့ချုပ်နှင့် ဧရာဝတီ ဖောင်ဒေးရှင်းတို့က ပံ့ပိုးကူညီသည့် ဖူဆယ်လေ့ကျင့်ရေးကွင်း တည်ဆောက်ရေး စီမံကိန်း၊ ဧရာဝတီဖောင်ဒေးရှင်းက လှူဒါန်းသည့် မြက်ခင်းတု လေ့ကျင့်ရေးကွင်း နှစ်ကွင်း တည်ဆောက်နေမှု၊ အမျိုးသား ဘောလုံးအကယ်ဒမီတို့အား ရှင်းလင်းပြသခဲ့ကာ မြန်မာ့လက်ရွေးစင် ကစားသမားများ၊ အကယ်ဒမီ သင်တန်းသားများနှင့် တွေ့ဆုံမိတ်ဆက်ခဲ့သည်။
ယင်းနောက် တွေ့ဆုံပွဲအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်)အောင်နိုင်ရေးအတွက် အသင်းများ ပြင်ဆင်ထားရှိမှု၊ မြန်မာ ယူ ၂၂ နည်းပြချုပ် ဂျပန်လက်ရွေးစင်ဟောင်း ခူရိုဆာကီ၊ မြန်မာ ယူ၁၉ နည်းပြ ဆူအီကာ၊ အမျိုးသမီးအသင်းနည်းပြ ယူကီ၊ ဖူဆယ်နည်းပြ ထိုင်းလက်ရွေးစင်ဟောင်း ပတ္တရားတို့အား ငှားရမ်းခန့်အပ်ထားရှိမှု၊ သက်တမ်းအလိုက်အသင်းများ ဖွဲ့စည်းဆောင်ရွက်မှု၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ အမျိုးသမီး ဘောလုံးအကယ်ဒမီ အပါအဝင် အခြေခံအဆောက်အဦးများ တည်ဆောက်မှု၊ သက်တမ်းလိုက် ပြိုင်ပွဲများကျင်းပနေမှုနှင့် အဖွဲ့ချုပ် ငွေစာရင်း ရှင်းလင်းချက်များအား တင်ပြင်အစီရင်ခံခဲ့သည်။
ယင်းနောက် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပခြင်း၊ ပြိုင်ပွဲဝင် ကလပ်အသင်းများနှင့် စပ်လျဥ်း၍ လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်းက ပြိုင်ပွဲ ကျင်းပရေး စီစဉ်ထားရှိမှုများ၊ ဘဏ္ဏာရေး၊ ကစားကွင်းနှင့် လိုအပ်ချက်များ၊ ပြင်ဆင်ဆောင်ရွက်ရန်များအား လည်းကောင်း၊ ဖူဆယ် လက်ရွေးစင် အသင်းများ ပြင်ဆင်လေ့ကျင့်မှု၊ ဖူဆယ်လိဂ် ပြိုင်ပွဲများ ကျင်းပနေမှုနှင့် စပ်လျဥ်း၍ ဖူဆယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်က လည်းကောင်း ဆက်လက် အစီရင်ခံ တင်ပြခဲ့ကြသည်။ အစီအစဉ်အရ တက်ရောက်လာသည့် အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက ဘောလုံးအားကစား တိုးတက်ရေး အတွက် အတူတကွ လက်တွဲဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပြိုင်ပွဲများ၊ ကစားကွင်းများနှင့် အထွေထွေကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနနှင့် အဖွဲ့ချုပ်တို့အတူတကွ ပူးပေါင်းဆောင်ရွက်၍ နိုင်ငံ၏ ဘောလုံး လောကနှင့် ပြိုင်ပွဲများ ပိုမိုဖွံ့ဖြိုးရေး၊ နည်းစနစ်နှင့် အားကစား ဥပဒေများအား ကစားသမားများ ပိုမိုသိရှိနားလည်၍ လိုက်နာကျင့်သုံးစေရေး၊ ကစားသမားကောင်းများ ဖြစ်စေရန် အားကစား ဆေးပညာ၊ အားကစား စိတ်ပညာ တို့အား စနစ်တကျ အသုံးချရေး၊ ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် အဖွဲ့ချုပ်တာဝန်ရှိသူများအားလုံး မိသားစုသဖွယ် အပြန်အလှန် ယုံကြည်လေးစားမှုများဖြင့် လုပ်ငန်းများ လက်တွဲဆောင်ရွက်ရေး၊ ယနေ့ ဆွေးနွေးခဲ့သည့် အကြောင်းအရာများအား ကောက်ရိုးမီးသဖွယ် မဖြစ်စေဘဲ စနစ်တကျ အာရုံစိုက်၍ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိရေးအတွက် လက်တွဲညီစွာဖြင့် ကြိုးပမ်းဆောင်ရွက်ရေး တို့အား တိုက်တွန်းမှာကြားကာ တွေ့ဆုံပွဲအား ရုတ်သိမ်းခဲ့သည်။











