September 21, 2022 / By Admin
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အလုပ်အမှုဆောင် အစည်းအဝေး ၂၀၂၂ ကို ယနေ့ စက်တင်ဘာ ၂၁ရက် က Video Conferencing System ဖြင့်ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ များဖြစ်ကြသော ဒေါက်တာ စိုင်းဆမ်ထွန်းနှင့် ဦးပြည့်ဖြိုးတေဇ၊ MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာ နေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော် အလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဇော်မင်းစိန်၊ ဦးထောင်ထာထန်း၊ ဦးမင်းလှိုင်၊ ဦးခင်မောင်လေး၊ ဒေါက်တာသန်းနိုင်စိုး၊ ဦးတင်မြင့်အောင်၊ ဒေါက်တာရဲမွန်ထွဋ်၊ ဦးထွန်းလှအောင်၊ ဒေါ်မြတ်မြတ်ဦး၊ ဒေါ်မေမြတ်နွယ်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကြံပေးအရာရှိ ဦးဘန်နီတင်အောင်၊ MFF Standing Committee များ၏ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်သည့် ဦးသန်းဇော် (Finance & Marketing Committee) ဦးနိုင်သောင်းထိုက် (Futsal Committee)၊ ဦးအောင်မျိုးရှိန် (Media and Communication Committee) တို့တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ရှေးဦးစွာ ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အလုပ်အမှုဆောင် အစည်းအဝေး ၂၀၂၂ ကို တက်ရောက်လာသူများနှင့် အွန်လိုင်းမှ တက်ရောက်သူများ အားလုံးကို ကျေးဇူးတင်ကြောင်း၊ လက်ရှိတွင် ကိုဗစ်ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိကြောင်း၊ ယခုကာလသည် ဘောလုံး အားကစား အတွက်စပွန်ဆာများ နည်းပါးလာခြင်းကြောင့် ငွေကြေးသုံးစွဲရာတွင် စနစ်တကျသုံးစွဲရန်၊ ကစားသမားကောင်းများ ပေါ်ထွက်မှ လက်ရွေးစင် အသင်းအောင်မြင်မှုရရှိပြီး နိုင်ငံဂုဏ်တက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရည်အချင်းရှိတဲ့ကစားသမားကောင်းများပေါ်ထွက်ရေးအတွက် လူငယ်ပြိုင်ပွဲများကို ပိုမိုအားစိုက်လုပ်ဆောင်ရန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းက ဘဏ္ဍာရေးနှင့်စျေးကွက် ရှာဖွေရေးကော်မတီ အနေဖြင့် ၂၀၂၂ခုနှစ်အတွင်းယှဉ်ပြိုင်ရမည့် လက်ရွေးစင်ပြိုင်ပွဲများအတွက် အသုံးစရိတ်များလျော့ချနိုင်ရေးနှင့် ကုန်ကျစရိတ်များအား စိစစ်သုံးစွဲရန်၊ စပွန်ဆာရရှိရေးအခြေအနေများ ညှိနှိုင်းဆွေးနွေးခြင်း၊ ၂၀၂၂ခုနှစ်အတွင်း စိုက်ထုတ်သုံးစွဲရမည့် ကုန်ကျစရိတ်များအား နည်းနိုင်သမျှနည်းအောင် ပြင်ဆင်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နည်းစနစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်အောင် က AFF Mitsubishi Electric Cup ပြိုင်ပွဲအတွက်ပြင်ဆင်ထားရှိမှု၊ ပြည်ပနိုင်ငံများတွင် သွားရောက်ကစားနေသော ပဏာမလက်ရွေးစင် ကစားသမားများနှင့် ပြည်တွင်းရှိ မျိုးဆက်သစ်လူငယ်ကစားသမားများအား အကောင်းဆုံးစုဖွဲ့နိုင်ရန်၊ လာမည့် ၂၀၂၃ခုနှစ်အတွင်း ကျင်းပမည့် (၃၂)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေး၊ သက်တမ်းအလိုက်လက်ရွေးစင်အသင်းများ၏ ပြင်ဆင်မှုများနှင့် အာရှခြေစစ်ပွဲအောင်မြင်ရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။

ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ် က ယခုနှစ်အတွင်းကျင်းပမည့် ပြည်တွင်း၊ပြည်ပ ဖူဆယ်ပြိုင်ပွဲများနှင့်ပတ်သက်ပြီး ပြင်ဆင်ထားမှုများ၊ အပျော်တမ်းဖူဆယ်ပြိုင်ပွဲများနှင့် အမျိုးသား/အမျိုးသမီး ဖူဆယ်လိဂ်၊ ရှုံးထွက်ပြိုင်ပွဲများ ပိုမိုကျင်းပနိုင်ရေး၊ နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံရရှိရန် ထိုင်းနိုင်ငံတွင်ခြေစမ်းခရီးစဉ်သွားရောက်ရန်စီစဉ်ထားမှုများ၊ ယူ-၁၈ ပဏာမလက်ရွေးစင်ဖူဆယ်အသင်းဖွဲ့စည်းထားရှိပြီး ယင်းအသင်းကိုနိုင်ငံတကာအဆင့်တွင် ထိုက်တန်သောခြေစွမ်းရရှိရန်စီစဉ်ထားမှုများကို အကျယ်တ၀င့်ဆွေးနွေးတင်ပြခြင်း၊ ဘောလုံးကွင်းနှင့်အခြေခံ အဆောက်အအုံများအတွက် ပြုပြင်စရိတ်၊ ပြင်ဆင်မွန်းမံမှုများအကြောင်း၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင် က အရည်အချင်းပြည့်မီသော ပြည်တွင်းဒိုင်လူကြီးကောင်းများပေါ်ထွက်လာရေးအတွက် ပြင်ဆင်မှုများ၊ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းစိန်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်းများကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့၏ လမ်းညွှန်ချက်များနှင့်အညီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို မကြာမီကျင်းပမည့် MFF Ordinary Congress တွင် အတည်ပြုနိုင်ရေးကိစ္စရပ်များကို အသီးသီးဆွေးနွေးတင်ပြခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်း ကျင်းပလျက်ရှိသော လိဂ်-၁၊ လိဂ်-၂ ပြိုင်ပွဲများနှင့် မကြာမီကျင်းပမည့် အမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် ပြင်ဆင်ထားမှုများနှင့် ပံ့ပိုးပေးမည့် အစီအစဉ် များအကြောင်း ဆွေးနွေးတင်ပြခဲ့သည်။ ယင်းနောက် အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုးက Standing Committee အသီးသီး ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ကော်မတီဥက္ကဋ္ဌများက ကဏ္ဍအလိုက် အကျယ်တဝံ့ ရှင်းလင်းတင်ပြခဲ့ကြသည်။ အထွေထွေ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် သက်တမ်းလက်ရွေးစင်အသင်းများ အောင်မြင်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရန် အဖွဲ့ချုပ် ဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။
