
လိဂ်-၂ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် Junior Lions အသင်း
April 7, 2023
FIFA-MFF TDS Scouting Tour 2023 အစီအစဉ်ဖြင့် မျိုးဆက်သစ် ထူးချွန် လူငယ် ကစားသမားများအား နိုင်ငံတဝန်း ရှာဖွေ ရွေးချယ်မည်
April 12, 2023၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ အာရှဇုန်(ပထမအဆင့်)၊ ခြေစစ်ပွဲ (ဒုတိယ အကျော့)ကို ဧပြီ ၈ရက်၊ ညနေ ၄နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အီရန်အမျိုးသမီး လက်ရွေးစင်အသင်းနှင့် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းတို့ (၁-၁) ဂိုးသရေကျခဲ့ပြီး အီရန်အသင်းက နှစ်ကျော့ပေါင်း (၂-၁)ဂိုးဖြင့် အနိုင်ရကာ ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-မေဇင်နွယ်၊ မိုးမမစိုး၊ ဇွန်ယုယဦး၊ ရူပါခိုင်၊ နော်ထက်ထက်ဝေ၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ ဖြူဖြူဝင်း၊ မြတ်နိုးခင် တို့ ပါဝင်ကစားခဲ့ကြသည်။

ပွဲချိန် ပထမပိုင်းတွင် မြန်မာအသင်းက ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ပွဲချိန် ၁၃ မိနစ်တွင် ကျောနံပါတ်(၁၅)၊ Negin Zandi က အီရန်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ အီရန်အသင်းသည် ပထမအကျော့တွင် အနိုင်ရထားသလို ဦးဆောင်ဂိုးလည်းရရှိခဲ့သော ကြောင့် ခံစစ် ဦးစားပေးကစားခဲ့သည်။

ပွဲချိန် ၁၆ မိနစ်တွင် မြန်မာအသင်း ပင်နယ်တီ ကန်သွင်းခဲ့ရခဲ့သော်လည်း ဝင်းသိင်္ဂီထွန်း ကန်သွင်းချက် ဂိုးပေါက်လွဲချော်သဖြင့် ချေပဂိုးရရှိမည့် အခွင့်အရေးလွဲချော်ခဲ့၍ ပထမပိုင်းအပြီးတွင် အီရန်က (၁-၀) ဂိုးဖြင့် ဦးဆောင်ကစားခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်းက ချေပဂိုးရရှိရေး ဖိအားပေးကစားခဲ့ရာ ပွဲချိန် ၅၆ မိနစ်တွင် ဝင်းသိင်္ဂီထွန်းက ခေါင်းတိုက်ပြီး မြန်မာအသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့သည်။

ယင်းနောက် နှစ်သင်းစလုံးကစားသမား အပြောင်းအလဲများပြုလုပ်၍ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်း၏ တိုက်စစ်ကို အီရန်က စနစ်တကျ တားဆီးနိုင်သဖြင့် ဂိုးထပ်မံ သွင်းယူနိုင်ခြင်းမရှိဘဲ (၁-၁) ဂိုးဖြင့် ပြီးဆုံးခဲ့သည်။

ပွဲအပြီးပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ” ရလဒ်ကောင်း မယူပေးနိုင်လို့ စိတ်မကောင်းဖြစ်မိပါတယ်။ အသင်းရဲ့ အားနည်းချက်တွေကို အများကြီး ပြင်ဆင်သွားရမှာဖြစ်ပြီး လာမယ့်ပြိုင်ပွဲအတွက် ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်သွားရမှာဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။

အီရန်အသင်းနည်းပြချုပ် Maryam Azmoon က ” ကျွန်မတို့အသင်းဟာ ကမ္ဘာ့အဆင့်မှာရော ခြေစွမ်းမှာပါ နိမ့်ကျခဲ့ပေမယ့် ရလဒ်ကောင်း ယူနိုင်ဖို့ အစစအရာရာ အကောင်းဆုံး ပြင်ဆင်ခဲ့ပါတယ်။မြန်မာအသင်းဟာ အာရှမှာ အသင်းကြီးတစ်သင်းဖြစ်ပြီး ကစားသမားကောင်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် တန်ပြန်တိုက်စစ်ကို ဦးစားပေး ကစားခဲ့ရတာပါ။ ရလဒ်ကောင်းရရှိဖို့ ကြိုးစားခဲ့တဲ့ ကစားသ မားတွေအတွက် ဂုဏ်ယူမိပါတယ်။ လာမယ့် ဒုတိယအဆင့်ခြေစစ်ပွဲမှာလည်း ရလဒ်ကောင်း ယူနိုင်ဖို့ အကောင်းဆုံး ပြင်ဆင်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ အာရှဇုန်(ဒုတိယအဆင့်)ခြေစစ်ပွဲစဉ်များကို အောက်တိုဘာလအတွင်း ကျင်းပသွားမည် ဖြစ်သည်။