
ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း စခန်းဝင်လေ့ကျင့်မှု စတင်
January 24, 2022
သရေရလဒ်ထွက်ပေါ်ခဲ့သည့် မြန်မာအမျိုးသမီးအသင်းနှင့် ဗီယက်နမ်အမျိုးသမီးအသင်း
January 27, 2022အမျိုးသမီး အာရှဖလား အုပ်စု (ဂ) ဒုတိယပွဲစဉ်အဖြစ် ဇန်နဝါရီ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂နာရီ ၃၀မိနစ်တွင် အိန္ဒိယ နိုင်ငံ၌ ယှဉ်ပြိုင်ခဲ့သည် မြန်မာအသင်းနှင့် တောင်ကိုရီးယား အသင်းတို့ပွဲစဉ်တွင် မြန်မာအသင်းက (၂-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အနေဖြင့် ဂျပန်အသင်းနှင့်ပွဲမှ လူစာရင်းကို အနည်းငယ်အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဂိုးသမား မေဇင်နွယ်၊ ခင်သန်းဝေ၊ ချစ်ချစ်၊ နန့်ဇူဇူးထက်၊ ဖြူဖြူဝင်း၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ နော်ထက်ထက်ဝေ၊ နုနု၊ စန်းသော်သော်၊ ဂျူလိုင်ကျော်တို့ဖြင့် ပွဲထွက်ခဲ့သည်။

ကမ္ဘာ့အဆင့် ၁၈ ရှိသော အင်အားကြီး တောင်ကိုရီးယားအသင်း အနေဖြင့် မြန်မာအသင်းကို ဖိအားပေးကစားခဲ့သော်လည်း မြန်မာအသင်း အသင်းလိုက်ကစားပုံ ကောင်းမွန်ခဲ့သည်။
ပွဲချိန် ၃၄ မိနစ်တွင် တောင်ကိုရီးယား အသင်းသည် ချဲလ်ဆီးအသင်းတွင် ကစားနေသည့် ဝါရင့်ကွင်းလယ် ကစားသမား Ji Soyon ကို ထည့်သွင်း ကစားခဲ့သော်လည်း ပထမပိုင်း ပြီးဆုံးချိန်အထိ ဂိုးမရရှိခဲ့ဘဲ (၀-၀) ဖြင့်သာ ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်း မိနစ် ၅၀ တွင် မြန်မာအသင်း ခံစစ်အမှား မှတဆင့် တောင်ကိုရီးယား ကွင်းလယ်လူ Lee Geummin အဖွင့်ဂိုး သွင်းယူခဲ့သည်။ ပွဲချိန် ၈၄ မိနစ်တွင် မြန်မာ နောက်တန်း ကစားသမားများနှင့် တောင်ကိုရီးယား အသင်းသားများ ရှုပ်ထွေးနေသည့် အနေအထားမှ တောင်ကိုရီးယား အသင်း ဒုတိယဂိုး ရရှိခဲ့ပြီး ပွဲအပြီးတွင် (၂-၀) ဂိုးဖြင့် မြန်မာအသင်း ရှုံးနိမ့်ခဲ့သည်။
ပွဲပြီးသတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း လက်ထောက်နည်းပြ ဦးဘိုဘိုအောင်က “ဒီပွဲမှာ အကောင်းဆုံး ကြိုးစားကစားသွားတဲ့ အသင်းသားတွေကို ကျေးဇူးတင်ပါတယ်။ အမှားတချို့ကနေ ဂိုးပေးလိုက်ရပေမယ့် အသင်းရဲ့ ကစားပုံကို အားရကျေနပ်ပါတယ်။ ပထမပွဲဖြစ်တဲ့ ဂျပန်နဲ့ပွဲအပြီးမှာ အသင်းရဲ့အမှားတွေကို သုံးသပ်ပြီး နည်းပြချုပ် ဦးတင်မြင့်အောင် အနေနဲ့ Online ကနေပြီး အသင်းကို တောက်လျှောက် ညွှန်ကြားပေးခဲ့ပါတယ်။ နောက်ဆုံးပွဲအတွက် ဖိအားမရှိပါဘူး။ ကျွန်တော်တို့ လုပ်နိုင်သလောက် အကောင်းဆုံး လုပ်ဆောင်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
မြန်မာအသင်းနှင့် တောင်ကိုရီးယားအသင်း နောက်ဆုံးတွေ့ဆုံမှု (၃)ကြိမ်
မြန်မာ (၀-၂)တောင်ကိုရီးယား (၂၀၂၂ အာရှဖလားအမျိုးသမီးပြိုင်ပွဲ၊ အိန္ဒိယ)
မြန်မာ (၀-၇) တောင်ကိုရီးယား (၂၀၂၀ အိုလံပစ်ခြေစစ်ပွဲ နောက်ဆုံးအဆင့်)
တောင်ကိုရီးယား (၁၂-၀) မြန်မာ (၂၀၁၄ အာရှဖလား)




