အာရှဖူဆယ် ခြေစစ်ပွဲ နောက်ဆုံးပွဲတွင် အိမ်ရှင် တာဂျစ်ကစ္စတန်ကို မြန်မာအသင်း ရူံးနိမ့်
October 11, 2023လူငယ်ပြိုင်ပွဲ ကျင်းပရေးကော်မတီ အစည်းအဝေး ကျင်းပ
October 13, 2023၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ပထမအဆင့်၊ ပထမအကျော့ အဖြစ် အောက်တိုဘာ ၁၂ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်း၌ မြန်မာ့ လက်ရွေးစင်အသင်းနှင့် မကာအို လက်ရွေးစင် အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာ့လက်ရွေးစင် အသင်းက( ၅ – ၁ )ဂိုးဖြင့် အနိုင်ရခဲ့သည်။
မြန်မာအသင်း ပွဲထွက်လူစာရင်းတွင် ဆန်းဆက်နိုင်(ဂိုး)၊ သက်ဟိန်းစိုး၊ ဟိန်းဇေယျာလင်း၊ စိုးမိုးကျော်၊ဟိန်းဖြိုဝင်း၊ နေမိုးနိုင်၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊သန်းပိုင်၊ မောင်မောင်လွင်နှင့် အောင်သူတို့ ပါဝင်ကစားခဲ့သည်။
ပထမပိုင်းတွင် မြန်မာအသင်းက ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့သော်လည်း လူကျွံဘော မကြာခဏဖြစ်ခြင်း၊ မကာအို ဂိုးသမား Ho Man Fai လက်စွမ်းပြ ကာကွယ်ခြင်း တို့ကြောင့် ဂိုးရရှိရေး ရုန်းကန်ခဲ့ရသည်။ သို့သော် ပွဲချိန် ၃၉ မိနစ်တွင် သန်းပိုင် ခေါင်းတိုက်လိုက်သည့် ဘောလုံး ဂိုးသမား ပုတ်ထုတ်၍ ပြန်ထွက်လာသည်ကို လွင်မိုးအောင်က ပိတ်သွင်းခဲ့သဖြင့် ဦးဆောင်ဂိုး ရယူနိုင်ခဲ့ရာ ပထမပိုင်း အပြီးတွင် မြန်မာအသင်းက (၁-၀)ဂိုးဖြင့် ဦးဆောင်ကစားခဲ့သည်။
ဒုတိယပိုင်း ပွဲစသည်နှင့် မကာအို အသင်းက ကစားသမား ၂ဦး လူစားလဲခဲ့ပြီး ပွဲချိန် ၅၄ မိနစ်တွင် နီကိုလပ်စ်က မကာအိုအသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့သည်။ သို့သော် ပွဲချိန် ၆၂ မိနစ်တွင် အောင်သူ ကန်တင်ပေးသည့် ထောင့်ကန်ဘောကို စိုးမိုးကျော်က ပိတ်သွင်းခဲ့သဖြင့် မြန်မာအသင်း ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့သည်။
ယင်းနောက် မြန်မာအသင်းက လူစားလဲမှုများပြုလုပ်ပြီး မကာအိုအသင်းကို ဖိအားပေးကစားခဲ့ရာ ၈၁ မိနစ်တွင် အောင်ကောင်းမာန်၊ ထပ်ဆောင်း အချိန်ပိုတွင် နေမိုးနိုင်နှင့် လွင်မိုးအောင်တို့က ဂိုးများ ဆက်တိုက် သွင်းယူခဲ့၍ ပွဲအပြီးတွင်(၅ – ၁) ဂိုး ဖြင့် အနိုင်ရခဲ့သည်။
ပွဲအပြီးပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မကာအိုအသင်းနည်းပြ Lazaro Oliveira က ” အနိုင်ရသွားတဲ့ မြန်မာအသင်းကို ချီးကျူးပါတယ်။ အသင်းနှစ်သင်းကြား ကွာဟမှုက ကြီးမားလွန်းပါတယ်။ ကျွန်တော်တို့ မြန်မာအသင်းကို ဘယ်လိုမှ မယှဥ်နိုင်ခဲ့ပါဘူး။ ကျွန်တော့်အသင်းဟာ မိနစ် ၆၀ နောက်ပိုင်း ကစားပုံ ကျသွားပါတယ်။ မြန်မာအသင်းဟာ အကောင်းဆုံး ကစားသွားပြီး အခွင့်အရေးတွေ ပိုဖန်တီးနိုင်ခဲ့ပါတယ်။ ဒုတိယအကျော့ အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ အကောင်းဆုံး ကြိုးစားမှာ ဖြစ်ပေမယ့် မြန်မာအသင်းကို ယှဥ်ဖို့မလွယ်ဘူး။ ကျွန်တော့် အသင်းရဲ့ အားနည်းချက်က ကစားသမားတွေကို စုစည်းရတာ မလွယ်တာပါပဲ။ ကစားသမား အများစုဟာ ဘောလုံးထက် အ ခြား အလုပ်အကိုင်တွေ လုပ်နေကြတာမို့ ပွဲကန်ခါနီးမှ စုစည်း လေ့ကျင့်ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားမှာဖြစ်ပေမယ့် အဆင့်က ကွာပါတယ်”ဟု ပြောကြားခဲ့သည်။
မြန်မာအသင်းနည်းပြချုပ် Michael Feichtenbeiner က ” အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ခဲ့လို့ ကျေနပ်မိပါတယ်။ အရင်ပွဲတွေကထက် ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်း ဂိုးသွင်းနိုင်ဖို့ အခွင့်အရေး ဖန်တီးမှု အားနည်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ တိုက်စစ်ပြီး တိုက်စစ် ကစားခဲ့လို့ ဂိုးတွေ အများကြီးရခဲ့ပါတယ်။ ဒုတိယ အကျော့အတွက် အကောင်းဆုံး ပြင်ဆင်သွားမှာပါ။ မကာအို မသွားခင် မနက်ဖြန် မနက်ပိုင်းမှာ လေ့ကျင့်ရေး အစီအစဥ် လုပ်သွားမှာ ဖြစ်ပါတယ်။ အဝေးကွင်း ကစားရမှာဖြစ်ပေမယ့် သေချာပြင်ဆင်ပြီး အာရုံစိုက် ကစားရင် ရလဒ်ကောင်း ယူနိုင်မှာပါ ” ဟု ပြောကြားခဲ့သည်။
မကာအိုနှင့် မြန်မာအသင်းတို့၏ ၂၀၂၆ ကမ္ဘာ့ဖလား(အာရှဇုန်) ပထမအဆင့်၊ ဒုတိယအကျော့ပွဲစဥ်ကို အောက်တိုဘာ ၁၇ ရက်တွင် မကာအိုရှိ Olympic Complex ကွင်း၌ ကစားသွားမည်ဖြစ်သည်