အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင်၂ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်မည့် အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ် (AFF U-19 Boys Championship) ပြိုင်ပွဲ အုပ်စု (က)၏ ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို ဇူလိုင် ၁ ရက် နေ့လယ်ပိုင်းက Century Park Hotel တွင်ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ မြန်မာ ယူ – ၁၉ အသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းနှင့် အုပ်စု(က) ပြိုင်ပွဲဝင်အသင်းများမှ နည်းပြချုပ်များ တက်ရောက်ခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားခဲ့သည်။
မြန်မာ ယူ – ၁၉ အသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းက” ကျွန်တော်တို့အသင်းဟာ ဒီပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်ချိန် (၉) ပတ်ရခဲ့ပါတယ်။ အားလုံး သိကြတဲ့အတိုင်း အုပ်စု(က)ဟာ အုပ်စုကျပ်ဖြစ်ပြီး ခြေစွမ်းတောင့်တင်းတဲ့ အသင်းကောင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့် အကောင်းဆုံး ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
အိမ်ရှင် အင်ဒိုနီးရှားအနေဖြင့် အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ် ပြိုင်ပွဲဝင်အသင်းများအား အဆင်ပြေစွာ ထားရှိပေးနိုင်သလားဟု သတင်းတစ်ဦး၏ မေးမြန်းမှုကို မြန်မာ ယူ – ၁၉ အသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းက ” နေထိုင်စားသောက်ရေးအပြင် သွားလာရေးနဲ့ လေ့ကျင့်ရေးကွင်းတို့ကို အကောင်းဆုံး လုပ်ဆောင်ပေးပါတယ်။ ဒီအတွက် အိမ်ရှင် အင်ဒိုနီးရှားရဲ့ ဧည့်ဝတ်ကျေမှုကို ကျေးဇူးတင်ပါတယ်” ဟု ဖြေကြားခဲ့သည်။
မြန်မာ ယူ- ၁၉ အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇူလိုင် ၂ ရက်တွင် ဘရူနိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဇူလိုင် ၄ ရက်တွင် ထိုင်း၊ ဇူလိုင် ၆ ရက်တွင် ဖိလစ်ပိုင်၊ ဇူလိုင် ၈ ရက်တွင် ဗီယက်နမ်၊ ဇူလိုင် ၁၀ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။