အာရှ ယူ-၁၇ ခြေစစ်ပွဲစဉ် အုပ်စု (ဃ)၏ ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်

The MFF » Latest Activities » အာရှ ယူ-၁၇ ခြေစစ်ပွဲစဉ် အုပ်စု (ဃ)၏ ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်

September 30, 2022 / By Admin

ဆော်ဒီအာရေဗျနိုင်ငံ၌ အောက်တိုဘာ(၁) ရက်မှ (၉) ရက် အထိ ကျင်းပမည့် ၂၀၂၃ အာရှ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-17 Asian Cup Qualification) အုပ်စု (ဃ)၏ ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို စက်တင်ဘာ (၃၀) ရက် နေ့လယ်ပိုင်းက Al Khobar မြို့ရှိ WarWick Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲ မတိုင်မီ Match Coordinating meeting ကို ပြုလုပ်ခဲ့ပြီး မြန်မာယူ-၁၇ အသင်း အုပ်ချုပ်သူ ဦးတင်မြင့်အောင်နှင့် လက်ထောက်နည်းပြ ဦးဧရာ‌မောင်တို့ တက်ရောက်ခဲ့ကြသည်။

ယင်းနောက် သတင်းစာ ရှင်းလင်းပွဲကို ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင် ယူ-၁၇ အသင်း နည်းပြချုပ် ဦးအောင်ဇော်မျိုး တက်ရောက်ခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၇ အသင်း နည်းပြချုပ် ဦး‌ အောင်ဇော်မျိုးက “ပထမဦးစွာ အုပ်စုတွင်း ပြိုင်ပွဲဝင် အသင်းများကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ အာဆီယံပြိုင်ပွဲ မတိုင်မီ ၃ လခန့် ပြင်ဆင်ခဲ့ပြီးတော့ ဆီမီးတက်ရောက်နိုင်ခဲ့ပါတယ်။

အာဆီယံ ပြိုင်ပွဲကနေ ပြန်လာပြီးတဲ့နောက် အဲ့ဒီအသင်းကိုပဲ အခြေခံပြီးတော့ အာရှခြေစစ်ပွဲအတွက် ပြင်ဆင်ချိန် ၅ ပတ်ရခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားမှာပါ”ဟု ပြောကြားခဲ့သည်။

မြန်မာယူ-၁၇ အသင်းသည် အောက်တိုဘာ ၂ ရက် မြန်မာစံတော်ချိန် နံနက် ၁:၀၀ နာရီတွင် အိမ်ရှင် ဆော်ဒီအာရေဗျ၊ အောက်တိုဘာ ၃ ရက် မြန်မာစံတော်ချိန် ည ၉:၄၅ နာရီတွင် ကူဝိတ်၊ အောက်တိုဘာ ၇ ရက် မြန်မာစံတော်ချိန် ည ၉:၄၅ နာရီတွင် အိန္ဒိယ၊ အောက်တိုဘာ ၁၀ ရက် မြန်မာစံတော်ချိန် နံနက် ၀၀:၃၀ နာရီတွင် မော်လ်ဒိုက်စ် အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။