2014 MFF MTC Futsal လိဂ် ဖွင့်ပွဲ အခမ်းအနား NIS-2 တွင် ကျင်းပ
August 10, 2015ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ပြိုင်ပွဲ မဲခဲပွဲ အခမ်းအနား ကျင်းပ
August 10, 2015မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)က ကြီးမှူးကျင်းပသော MFF Charity Cup 2015 ဘောလုံးပြိုင်ပွဲကြီးကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့၊ ညနေ(၄)နာရီအချိန်တွင် ရန်ကုန်မြို့၊ အောင်ဆန်းကွင်း၌ ကျင်းပခဲ့ရာ ၂၀၁၄ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံ ရတနာပုံအက်ဖ်စီအသင်းနှင့် MFF Ooredoo Cup 2014 ရှုံးထွက်ဖလား ချန်ပီယံ ဧရာဝတီယူနိုက်တက် အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ဤပွဲစဉ်ကို MFF ဒုတိယ ဥက္ကဋ္ဌ ဦးတင်အောင်၊ ဧရာဝတီယူနိုက်တက် အသင်းပိုင်ရှင် ဦးဇော်ဝင်းရှိန်၊ နေပြည်တော် အသင်းပိုင်ရှင် ဦးဖြိုးကိုကိုတင့်ဆန်း၊ ရန်ကုန်ယူနိုက်တက် အသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ ချင်းယူနိုက်တက် အသင်းပိုင်ရှင် ဒေါက်တာဂျိမ်းတို့ အပါအဝင် မြန်မာ့ဘောလုံးလောက ဦးဆောင်ပုဂ္ဂိုလ်များ၊ MFF ဌာနတာဝန်ခံများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သတင်းမီဒီယာများနှင့် ဘောလုံးချစ် ပရိသတ်များ အားပေးကြည့်ရှုခဲ့ကြသည်။
ရတနာပုံအသင်းရော ဧရာဝတီအသင်းပါ ယခုနှစ် ဘောလုံးရာသီတွင် အာရှအဆင့် ကလပ်အသင်း ပွဲစဉ်များကစားရမည် ဖြစ်သောကြောင့် အသစ်ထပ်မံ ခေါ်ယူအားဖြည့်ထားသော ပြည်တွင်း/ပြည်ပ ကစားသမားများ၊ ခြေစွမ်းစမ်းသပ်ခံ ကစားသမားများအား ပွဲထုတ်ယှဉ်ပြိုင် ခဲ့ကြသည်။ ပွဲချိန်(၂၁)မိနစ်တွင် ရတနာပုံ ကျောနံပါတ်(၁၅) ဂျိမ်းမေယာ၏ ကန်ချက် ဘားထိထွက်ခဲ့ရသလို ပွဲချိန်(၂၃)မိနစ်တွင်လည်း ရတနာပုံ ကျောနံပါတ်(၁၀) နန္ဒလင်းကျော်ချစ်၏ အပိုင်ကန်ချက်အား ဧရာဝတီဂိုးသမား ဗန်လား ဖမ်းယူနိုင်ခဲ့သောကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းသားတို့ ပွဲကို ဦးဆောင်ခွင့်နှင့် ဝေးခဲ့ရသည်။ ပွဲချိန်(၄၁)မိနစ်တွင် ရတနာပုံ ကျောနံပါတ်(၂၈) ဇင်မင်းထွန်း၏ ခေါင်းတိုက်ချက်က ဂိုးသမားလက်တွင်း ဆင်းသက်ခဲ့ရသော်လည်း ပွဲချိန်(၅၇)မိနစ်တွင် ဧရာဝတီသားတို့ အဖွင့်ဂိုးရသွားခဲ့သည်။ ဤဂိုးကို ဧရာဝတီ ကျောနံပါတ်(၂၉) နက်မော့ဗ်ရစ်စတေက ပင်နယ်တီမှတစ်ဆင့် အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ဒုတိယပိုင်းအတွင်း နှစ်သင်းစလုံး လူစားလဲလှယ်မှုများ ပြုလုပ်ခဲ့သော်လည်း ခြေစွမ်း၊ ကစားကွက်နှင့် ကစားအားတို့ မကွာခြားလှသဖြင့် (၁-ဝ)ဂိုးရလဒ်ဖြင့် ဧရာဝတီယူနိုက်တက်က MFF Charity Cup 2015 ချန်ပီယံဆု ဆွတ်ခူးသွားတော့သည်။
ထို့နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကျပ်(၃၅)သိန်း၊ ဧရာဝတီယူနိုက်တက် အသင်းပိုင်ရှင် ဦးဇော်ဝင်းရှိန်က ကျပ်သိန်း(၂၀)၊ နေပြည်တော်အသင်းပိုင်ရှင် ဦးဖြိုးကိုကိုတင့်ဆန်းက ကျပ်(၁၅)သိန်း၊ ရန်ကုန်ယူနိုက်တက် အသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇက ကျပ်(၁၅)သိန်း၊ ဧရာဝတီယူနိုက်တက် အသင်းက ကျပ်(၁၅)သိန်း စုစုပေါင်း ကျပ်သိန်း(၁၀၀)ကို ဦးစွာမတည် လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ (၁) သာကေတ၊ မဟာဂန္ဓာရုံ မူလတန်းလွန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂) လှိုင်၊ မေတ္တာဝါဒီ ပရဟိတကျောင်း (၃) ကျိုက်ဝိုင်းပရဟိတကျောင်း (၄) ဝါးရုံပင်ဖောင်ဒေးရှင်း တို့အား ကျပ်(၂၅)သိန်းစီကို ခွဲဝေလှူဒါန်းခဲ့ကြသည်။ ထို့နောက် အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ပျော်ရွှင်စွာ ရုတ်သိမ်းခဲ့ကြသည်။