နည်းဗျူဟာအတိုင်း လိုက်ကစားနိုင်၍ ရန်ကုန်ကို နိုင်ခဲ့ခြင်းဟု မကွေး နည်းပြချုပ် ဦးကြည်လွင် ဖွင့်ဟ
January 26, 2016အရှိန်အဟုန် ပြင်းထန်လာမယ့် Ooredoo MNL 2016 (week -2 ) ပွဲစဉ်များ
January 26, 2016၂၀၁၆ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ၏ ပွဲစဉ် ၁ ကို ပြီးခဲ့သည့် ဇန်နဝါရီလ (၉)ရက်နှင့်(၁၀)ရက်၊ စနေ၊ တနင်္ဂနွေ နေ့များက ကျင်းပပြီးစီး ခဲ့ပြီ ဖြစ်သည်။ ပြိုင်ပွဲဝင် အသင်း ၁၂ သင်း၏ ပွဲစဉ် ၆ ပွဲကို ကွင်းပေါင်း ၄ ကွင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ပွဲစဉ် ၁ ၏ ပွဲစဉ်များ အပြီးတွင် ပွဲအများစု၌ မျှော်လင့်ထားသည့် ရလဒ်များသာ ထွက်ပေါ်ခဲ့သော်လည်း လက်ရှိချန်ပီယံ ရန်ကုန် ယူနိုက်တက်မှာမူ ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရကာ အမှတ်ပေးဇယား အဆင့် ၁၁ နေရာထိ ရောက်သွား ခဲ့ရသည်။ ဘောလုံးပြိုင်ပွဲတစ်ခု၏ ရသနှင့် ပြည့်စုံသည့် အဖွင့်ပွဲ ရက်သတ္တပတ်ဟုပင် ဆိုရမည် ဖြစ်သည်။
အန်ဒရေ ကယ်သည့် ရခိုင်
ခုရာသီ ပြင်ဆင်မှုများစွာ လုပ်ထားသည့် ရခိုင်ကို ကယ်ခဲ့သည်က ဘရာဇီး တိုက်စစ်သမား အန်ဒရေ ဖြစ်သည်။ အန်ဒရေ၏ ရခိုင်ယူနို က်တက်သို့ တစ်ကျော့ပြန် ခရီးက အဖွင့်လှခဲ့သည် ဟုပင် ဆိုရမည်။ ရခိုင် ယူနိုက်တက်နှင့် အတူ ခြေစွမ်းပြခဲ့ဖူးသည့် အန်ဒရေက အဖွင့် ပွဲမှာပင် အသင်းနှင့် တွဲဖက်ညီစွာ ကစားပြီး ခြေစွမ်းပြကာ အသွင်းအတွက် အရေးပါသည့် ချေပဂိုးနှင့် အနိုင်ဂိုးများကို သွင်းပေးနိုင် ခဲ့သည်။ ဆောက်သမ်းကတော့ နိုင်ငံခြားသား လုံးဝမသုံးသည့် ဒဏ်ကို တောက်လျှောက် ခံရဖွယ် ရှိသည်။ ၂၀၁၄ တုန်းကလည်း နိုင်ငံခြားသား လုံးဝမသုံးဟု ကြွေးကြော် ခဲ့ပြီးမှ အခြေအနေ မဟန်သဖြင့် ဒုတိယ အကျော့တွင် နိုင်ငံခြားသားများ ထည့်သုံး ခဲ့သော်လည်း ဆေးမမီတော့ဘဲ တန်းဆင်း ခဲ့ရဖူးသည်။ နိုင်ငံခြားသား မသုံးသည်က လိဂ်-၂ တွင် အဆင်ပြေနိုင်သော်လည်း လိဂ်-၁ ဖြစ်သည့် MNL တွင်တော့ အဆင်ပြေဖွယ် မရှိပေ။ ဤသည်ကို ရခိုင် ယူနိုက်တက်၏ သွင်းဂိုး ၂ ဂိုးလုံးကို နိုင်ငံခြားသား ကစားသမား တစ်ဦးဖြစ်သည့် အန်ဒရေမှ သွင်းယူပေးခဲ့ခြင်းက သက်သေပြနေသည်။ ဆောက်သမ်းတွင် ခိုင်ဇော်ထွန်း ဂိုးသွင်းဆဲ ဖြစ်သော်လည်း အသက်ရလာပြီ ဖြစ်သည့် ခိုင်ဇော်ထွန်း အနေဖြင့် တစ်ရာသီလုံး ဒိုင်ခံဂိုးသွင်းပေးနိုင်ရန် မသေချာပေ။ ရလဒ်က ရခိုင် ၂-၁ ဆောက်သမ်း ဖြစ်သည်။
နဂါးပြန်မဖြစ်သေးသည့် ဇေယျာရွှေမြေ
ပြီးခဲ့သည့် ရာသီက တန်းမဆင်း ရရေး ရုန်းကန်ခဲ့ရသည့် ဇေယျာရွှေမြေက နည်းပြ အပြောင်းအလဲနှင့် အတူ ပြင်ဆင်မှုများ ပြုလုပ်ထား သော်လည်း ယခင် အခြေအနေ အရှိန်အဝါမျိုး ပြန်ရရန် အတော်ပင် အချိန်ယူရဦးမည့်ပုံ ရှိသည်။ ကစားသမား အင်အား အားနည်း လှသည် မဟုတ်သော်လည်း Horizon လို တန်းတက် အသင်းငယ်ကို ပြတ်ပြတ်သားသား အသာစီး မရနိုင်သည့်ပုံက ခုရာသီတွင် မြင့်မြင့်ပျံနိုင်ရန် မလွယ် လှသေးသည့် အနေအထား ဖြစ်သည်။ Horizon ကတော့ MNL ကို ရောက်လာသည်ကပင် ချီးကျူးဖို့ ကောင်းလွန်းနေ ပါသည်။ ကျောင်းအသင်း တစ်သင်းအဖြစ်မှ ပရော်ဖက်ရှင်နယ် အသင်းတစ်သင်း အဖြစ်သို့ ကူးပြောင်းလာသည့် Horizon ၏ ခြေစွမ်းက MNL တွင် ကစားနိုင်သည့် ခြေစွမ်းမျိုးဟု ယူဆမိသည်။ ကစားသမားများ အတွေ့အကြုံ နုနယ်မှုကြောင့်သာ ဇေယျာရွှေမြေကို ဦးဆောင်ဂိုးနှင့် အနိုင်ဂိုးများ ပေးလိုက်ရခြင်း ဖြစ်သည်။ ဒုတိယ ပိုင်းတွင် ချေပဂိုး တစ်ဂိုး ပြန်ရ လိုက်သော်လည်း သရေကျမည့် ချေပဂိုး မရသောကြောင့် ပွဲအပြီးတွင် ၁-၂ ဂိုးဖြင့် ဇေယျာကို ရှုံးခဲ့ရသည်။
ရှမ်းယူနိုက်တက် ထင်တိုင်းမပေါက်သေး
ရာသီကြို ပြင်ဆင်မှုအဖြစ် လက်ရွေးစင် အဆင့် နာမည်ကြီး ကစားသမား ၅ ဦးကို ခေါ်ယူလိုက်တော့ ခုရာသီ ရှမ်းယူနိုက်တက် ချန်ပီယံဆု ယူတော့ မလားဟု လူအများ ထင်ကြေးပေးကုန်ကြသည်။ ရှမ်းယူနိုက်တက်၏ ပြင်ဆင်မှုက ထိုသို့ ထင်ကြေးပေး မှုများနှင့်လည်း ထိုက်တန် ပါသည်။ ကွင်းအတွင်း သုံးယောက်သာ သုံးခွင့်ရှိသော်လည်း နိုင်ငံခြား ပြိုင်ပွဲမရှိဘဲနှင့် နိုင်ငံခြား ကစားသမား ၄ ယောက် ခေါ်ထားသည်။ ထို့ကြောင့် ရှမ်းယူနိုက်တက်၏ ရာသီအဖွင့် အိမ်ကွင်းပွဲစဉ်ကို များများစားစား မျှော်လင့်ကြတာ အပြစ် မဆိုသာပေ။ သို့သော် ရှမ်းယူနိုက်တက် အိမ်ကွင်းတွင် ထင်တိုင်း မပေါက်ခဲ့။ ဟံသာဝတီကို ဂိုးမရှိ သရေသာ ရခဲ့သည်။ နည်းပြချုပ် အသစ်နှင့် အသင်းက အသားမကျသည်လား၊ ကစားသမားများ တွဲဖက် မမိသေးသည်လား၊ ဘာမှန်း သေချာ မသိသော်လည်း ခြေစွမ်း ကတော့ မကောင်းပါ။ ဟံသာဝတီကတော့ ၎င်းတို့၏ ပုံမှန်ခြေစွမ်းကို ထိန်းထားနိုင်သည်။ ဟံသာဝတီ၊ မနောမြေ၊ ဆောက်သမ်း စသည့် အသင်းများတွင် ကိုယ်ပိုင်ဟန်ရှိ သည်။ အရမ်းကြီး ကောင်းလှသည် မဟုတ်သော်လည်း အညံ့ကြီးလည်း မဟုတ်၊ သူတို့ကို နိုင်ရန်လည်း ခက်သည်။ ဟံသာဝတီက ထိုပုံ စံမျိုး။ အလွယ်တကူ အနိုင်ယူ၍တော့ မရရေးချ မရ။ ယခုလည်း ပုံစံကောင်း မရသေးသည့် ရှမ်းယူနိုက်တက် အနေဖြင့် ပုံစံမှန်နေသည့် ဟံသာဝတီနှင့် တွေ့တော့ အသည်းအသန်ပင် မရှုံးအောင် ကစားလိုက်ရသည်။ ရှမ်းယူနိုက်တက် အနေဖြင့် လက်ရှိပုံစံထက် များစွာ တိုးတက်ဖို့ လိုနေသည်က အမှန်ပင် ဖြစ်သည်။ နို့မဟုတ်ပါက ချန်ပီယံဆု လွှဲပြောင်းရယူလိုသည့် အိပ်မက်ကို ဝေးဝေးမှာပင် ထားရပေ လိမ့်မည်။
ချန်ပီယံ ကာကွယ်သူရဲ့ ပွဲဦးထွက် အရှုံး
ရန်ကုန် ယူနိုက်တက် အတွက် အိမ်ကွင်းတွင် မကွေးကို ရှုံးနိမ့်ခဲ့ခြင်းက အရှက်ရစရာ ရှုံးနိမ့်မှုပင် ဖြစ်သည်။ မကွေးက အသင်းငယ်လေးတစ်သင်း မဟုတ်သော်လည်း လက်ရှိ ချန်ပီယံ အသင်းအတွက်မူ ၎င်းတို့၏ ချန်ပီယံ ကာကွယ်မှု၏ ပထမခြေလှမ်းမှာပင် အလဲထိုး ခံလိုက်ရသည့် အတွက် အောင့်သက်သက် ဖြစ်မည်မှာ သေချာလှသည်။ ယခုပွဲတွင် ရန်ကုန်ကလည်း အားနည်းလှသည်။ ကွင်းလယ်တွင် ကျော်မင်းဦးနှင့် ရန်အောင်ကျော်လို နာမည်ကြီးနှစ်ဦး ပွဲထွက်လာခဲ့ သော်လည်း ရန်ကုန် အပယ်ခံ ဆက်ဖြိုးဝေနှင့် လက်ရွေးစင် အသင်း၏ အပယ်ခံ ဟိန်းဇာအောင်တို့ အတွဲကို မကျော်နိုင်ခဲ့သည်က အဓိက ကျသည်။ ထိုနေ့ ရန်ကုန် ကွင်းလယ်ကို ကြည့်မိတော့ ရာဇာဝင်းသိန်းကို လွမ်းမိသည်။ ရန်အောင်ကျော်နှင့် ကျော်မင်းဦးတို့ ညံ့လှသည် မဟုတ်သော်လည်း အတွဲအဖက် မမိ။ ထို့ထက်ပို၍ ဖန်တီးနိုင်မှု မရှိ။ ထို့အတူ ရန်ကုန်၏ ခံစစ်ပိုင်း၊ တိုက်စစ် နေရာစုံ အားနည်းမှု ကိုယ်စီ ရှိခဲ့သောကြောင့် မကွေးကို ရှုံးခဲ့ခြင်း ဖြစ်သည်။ မကွေးက ဘက်ပေါင်းစုံတွင် ရန်ကုန်ထက် သာလွန်လှသည် မဟုတ်သော်လည်း အမှားအယွင်း နည်းမှုတွင်တော့ ထိုပွဲ၌ ရန်ကုန်ထက် သာခဲ့သည်။ ခံစစ် အမှားနည်းလှသလို တိုက်စစ်ကလည်း လိုအပ်သည့် ဂိုးများကို သွင်းပေးနိုင်ခဲ့သည်။ ယခုနိုင်ပွဲ အတွက် ချီးကျူး ထိုက်သည်က မကွေးနည်းပြချုပ် ဦးကြည်လွင် ဖြစ်သည်။ ဦးကြည်လွင်ကြောင့်ပင် မကွေးအသင်းက မြက်ခင်းတု ကွင်းတွင် ရန်ကုန် ယူနိုက်တက်ကို မကြောက်သည့် တစ်သင်းတည်းသော အသင်း ဖြစ်လာခဲ့ရသည်။ ရန်ကုန် အဓိက ကွင်းလယ်လူ ရန်အောင်ကျော်နှင့် ကျောင်းတော်က ရန်စရှိခဲ့သည့် ခိုင်ထူးကို ပွဲထွက် စာရင်းတွင် ထည့်ထားခဲ့သည်က ဦးကြည်လွင်၏ Mind Game လားဟု ထင်မိသည်။ ရန်ကုန် အနေဖြင့် ပထမပိုင်းမှာပင် ချေပဂိုး သွင်းနိုင်ခဲ့ပြီး ဒုတိယပိုင်း ကစားပုံ ပြန်တက်လာခဲ့ သော်လည်း အရှုံးရလဒ်မှ ရုန်းထွက်နိုင်လောက်အောင် ထိတော့ မဖြစ်ခဲ့။ ပွဲပြီးတော့ ရန်ကုန် ၁-၂ မကွေး။
ခြေမှန် ထိန်းထားနိုင်ဆဲ ရတနာပုံ
လူငယ်ကစားသမားများ၏ အားဖြင့် ပြီးခဲ့သည့် ဘောလုံးရာသီ ဒုတိယပိုင်း၌ တောက်လျှောက် ခြေတက်လာခဲ့သည့် ရတနာပုံက ယခုနှစ်ဘောလုံးရာသီတွင်လည်း ၎င်းတို့၏ ပုံစံကောင်းကို ထိန်းထားဆဲပင်။ မျိုးကိုထွန်း၊ ရဲကိုဦး၊ ရှိုင်းသူရ၊ အောင်သူ စသည့် လက်ရွေးစင် လူငယ် ကစားသမားများ၏ အားဖြင့် ရတနာပုံက တောက်ပလွန်းလှသည်။ ဧရာဝတီကတော့ လူငယ်ခြေတက်များ ဖြစ်သည့် ဟိန်းသီဟဇော်၊ နေလင်းထွန်းတို့ကို ရောင်းထုတ်ခဲ့ပြီး ဝါရင့်များကို အားကိုးခဲ့သော်လည်း ၎င်းတို့ကို တစ်ပွဲလုံး အားကိုးရန် မဖြစ်နိုင်သည့် အချက်က ယခုပွဲကို အဆုံးအဖြတ် ပေးခဲ့သည်။ ဧရာဝတီ အနေဖြင့် ပွဲချိန် အစောပိုင်း မိနစ်များတွင် ရတနာပုံကို ဖိကစား နိုင်ခဲ့သေ်ာလည်း အချိန် ကြာလာသည်နှင့် အမျှ ကျော်ဇေယျာဝင်း၊ မင်းမင်းသူတို့က ကစားအား ကျလာပြီး ရတနာပုံ၏ လူငယ်များက ကစားအား မကျခဲ့သလို လူစားလဲမှု များလည်း မှန်ကန်ခဲ့သောကြောင့် ရတနာပုံ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ရတနာပုံ နည်းပြချုပ် ရီနီ၏ လူစားလဲ မှန်ကန်ပုံကို လူစားဝင် ကစားသမား နှစ်ဦးဖြစ်သည့် လှိုင်းဘိုဘိုနှင့် ဝင်းနိုင်စိုးတို့၏ သွင်းဂိုးများက သက်သေခံနေသည်။ ကစားသမား အပြောင်းအလဲ များပြားခဲ့သည့် ဧရာဝတီကတော့ ခြေမှန်ပြန်ရရန် ဆက်လက် ရုန်းကန် ရဦးမည် ဖြစ်သည်။ ရလဒ်က ရတနာပုံ ၂-၁ ဧရာဝတီ ဖြစ်သည်။
ဒီရာသီ မြင့်မြင့်ပျံမလား ဇွဲကပင်
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို စတင်ဝင်ရောက် ယှဉ်ပြိုင်စဉ်က ရုန်းကန်ခဲ့ရသော်လည်း တစ်ရာသီပြီး တစ်ရာသီခြေ တက်လာသည်က ဇွဲကပင် ဖြစ်သည်။ ခုဆိုလျှင် လူရိုသေ ရှင်ရိုသေ ခြေစွမ်းမာကျောသည့် အသင်း တစ်သင်း ဖြစ်လာသည်ပင် နှစ်ရာသီ ရှိခဲ့ပြီ။ ရာသီအဖွင့် ပွဲစဉ်တွင် ပေါက်ကွဲပြလိုက်သည်က ရာသီကုန်တွင် ထိပ်သီးစာရင်း ဝင်နိုင်မည်လားဟု မျှော်လင့်ချင်စရာ။ ကိုယ်ပိုင် ပုံစံတစ်ခုနှင့် ရပ်တည် နိုင်ခဲ့သည့် ချင်းယူနိုက်တက်၏ ရာသီအဖွင့် ခြေစွမ်းက မဆိုးလှသော်လည်း တိုက်စစ်ပိုင်း အားနည်းလှသည်။ ချင်းယူနိုက်တက် ပထမပိုင်းတွင် ပျက်ခဲ့သော်လည်း ဒုတိယပိုင်း တွင် ပြန်လာနိုင်ခဲ့သည်။ သို့သော် တိုက်စစ်ပိုင်းတွင် ဂိုးသွင်းမည့်သူ မရှိ၍ ဂိုးမရ။ တခုတ်တရ ချီးကျူး သင့်သည်က ဇွဲကပင်၏ ခြေစွမ်းပိုင်းထက် နိုင်ပွဲဆာလောင်မှုပိုင်း ဖြစ်သည်။ သည်ပုံစံအတိုင်း ထိန်းထားနိုင်လျှင် ခုရာသီ ဇွဲကပင်ကို အသင်းတိုင်း တလေးတစား ယှဉ်ပြိုင်ရမှာ သေချာလှသည်။ ထိုပွဲတွင် ဇွဲကပင်က နေရာစုံမှ သွင်းဂိုးများကြောင့် ဝ-၃ ဂိုးဖြင့် နိုင်ကာ အမှတ်ပေး ဇယား အဆင့် ၁ ၌ ရပ်တည် နိုင်ခဲ့သည်။