မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၄ ပညာသင်နှစ်၊ မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး)နှင့် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)တို့အတွက် ကျောင်းသားသစ်များကို TDS Scouting Program ကျင်းပ၍ ရွေးချယ်ခေါ်ယူသွားမည်ဖြစ်သည်။
ကစားသမား ရွေးချယ်မှုများ ပြုလုပ်ရာတွင် လူငယ်ဘောလုံး နည်းစနစ်ဒါရိုက်တာ ဂျပန်နည်းပြ မစ္စတာ မိတ မှဦးဆောင်၍ ရွေးချယ်ရေး အဖွဲ့များ ဖွဲ့စည်းကာ မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေး၊ ပဲခူး၊ ပုသိမ် နှင့် ရန်ကုန် မြို့များတွင် ပဏာမ အဆင့် ရွေးချယ်မှု၊ အပြီးသတ် ရွေးချယ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။
ရွေးချယ်ခံရသည့် အကယ်ဒမီကျောင်းသားများ အနေဖြင့် အတန်းပညာနှင့် ဘောလုံးပညာရပ်များအား အခမဲ့သင်ယူခွင့် ရရှိမည်ဖြစ်ပြီး နိုင်ငံ့ ဂုဏ်ဆောင် လက်ရွေးစင်ကစားသမားများ အဖြစ်လည်းကောင်း၊ ပရော်ဖက်ရှင်နယ် ကစားသမားများ အဖြစ်လည်းကောင်း မိမိအရည်အချင်းနှင့် ကြိုးစားအားထုတ်မှုအပေါ် မူတည်၍ အသက်မွေးဝမ်းကျောင်းမှုပြုနိုင်မည် ဖြစ်ပါသည်။ အကယ်ဒမီကျောင်းများ အနေဖြင့် သင်တန်းသားများအား အနာဂတ် မြန်မာ့လက်ရွေးစင် အသင်းအတွက် အားထားရသော ကစားသမားကောင်းများ ဖြစ်ပေါ်လာစေရန် စနစ်တကျ ပြုစုပျိုးထောင်ပေးသွားမည် ဖြစ်ပြီး ကျောင်းသားများသည် အကယ်ဒမီကျောင်းများ၏ ချမှတ်ထားသော စည်းကမ်းများအတိုင်း လိုက်နာက အတန်းပညာနှင့် ဘောလုံးပညာများအား ဆည်းပူးသင်ယူရမည် ဖြစ်သည်။
၂၀၂၄ ပညာသင်နှစ်၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ အကယ်ဒမီများသို့ တက်ရောက်လိုသည့် ကျောင်းသားသစ်များသည် အောက်ဖော်ပြပါ သတ်မှတ်ချက်များအတိုင်း လျှောက်လွှာများအား ဖြည့်၍ လာရောက်ရွေးချယ်ခံရမည် ဖြစ်သည်။
(၁) ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း မွေးဖွားသူ (ကျား)ဖြစ်ရမည်။
(၂) နိုင်ငံသား စိစစ်ရေးကတ်၊ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း၊ ကျောင်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ ပေးပို့တင်ပြရမည်။
(၃) လျှောက်လွှာများအား ၂၀၂၄ ခုနှစ် ဧပြီလ ၂၃ ရက်မှ စတင်ကာ ကိုယ်တိုင်လာရောက်ထုတ်ယူပြီး မေလ ၃ ရက် နောက်ဆုံးထားပြီး လျှောက်လွှာတင်သွင်းရမည် ဖြစ်သည်။
(၄) မေလ ၄၊၅ရက်များတွင် အထက်မြန်မာပြည် (မြစ်ကြီးနားမြို့၊ တောင်ကြီးမြို့၊ မန္တလေးမြို့)၊ အောက်မြန်မာပြည် (ရန်ကုန်မြို့၊ ပဲခူးမြို့၊ ပုသိမ်မြို့) များတွင် ပဏာမရွေးချယ်ခြင်းကို ပြုလုပ်သွားမည်ဖြစ်သည်။
(၅)အပြီးသတ်ရွေးချယ်မှုကို အထက်မြန်မာပြည်အတွက် မေ ၁၁၊ ၁၂ရက်များတွင် မြန်မာဘောလုံး အကယ်ဒမီ(မန္တလေး)နှင့် အောက်မြန်မာပြည်အတွက် မေ ၁၅၊ ၁၆ရက်များတွင် အမျိုးသား ဘောလုံးအကယ်ဒမီ(ရန်ကုန်)တွင်ပြုလုပ်သွားမည်ဖြစ်သည်။
ဆက်သွယ်ရန် – ဦးနေသူလွင် (ဖုန်း – 09769900600)
အောက်ပါလင့်ခ်တွင် Form အား Download ရယူနိုင်ပါသည်။