
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကျင်းပ
June 25, 2026
မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဘောလုံးအကယ်ဒမီ ၂၀၂၆ ပညာသင်နှစ် မိဘဆရာတွေ့ဆုံပွဲ ကျင်းပ
July 1, 2026ယခုနှစ်အတွင်း အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် “FIFA U-15 World Cup and Festival 2026” ပြိုင်ပွဲတွင် မြန်မာအမျိုးသား ယူ၁၅ အသင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ထံ မြန်မာယူ၁၅ အသင်းပါဝင်ယှဉ်ပြိုင်ရေးအတွက် တရားဝင် အကြောင်းကြားစာ ပေးပို့ထားပြီး MFF အနေဖြင့်လည်း ပါဝင်ယှဉ်ပြိုင်ရန် တရားဝင် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ MFF သည် ပြီးခဲ့သည့် ၃ နှစ်တာအတွင်း မြန်မာ ယူ၁၅ လိဂ်ပြိုင်ပွဲများအား ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ဇုန်များတွင် နှစ်စဉ်ကျင်းပလျက်ရှိသလို ယခု ၂၀၂၆ လိဂ်ပြိုင်ပွဲကိုလည်း ယခင်နှစ်ကထက် ပြိုင်ပွဲဝင်အသင်း ပိုမိုများပြားစွာဖြင့် ကျင်းပပေးလျက်ရှိသည်။
အလားတူ လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများ၊ လူငယ်ဘောလုံးပွဲတော်များ၊ Regional Football Training Center များ၊ အကယ်ဒမီများ၊ အခမဲ့ လူငယ်သင်တန်းများ စသည်ဖြင့် Youth Football Development အားစနစ်တကျဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
မြန်မာ ယူ၁၅ လက်ရွေးစင်အသင်း ရွေးချယ်ခြင်း
မြန်မာ ယူ၁၅ ပဏာမ ကစားသမား ရွေးချယ်ရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ ထူးချွန် လူငယ်များ၊ ပါရမီရှင် ရွက်ပုန်းသီး လူငယ်များမကျန် စနစ်တကျ ရွေးချယ်မှုများ ပြုလုပ်မည် ဖြစ်ပြီး Scouting ပြုလုပ်ခြင်း၊ ကစားသမားရွေးချယ်ခြင်း အစီအစဉ်များအား ဆက်လက်ထုတ်ပြန်ပေးပါမည်။
ထူးခြားဆန်းသစ်သည့် ပြိုင်ပွဲပုံစံနှင့် စည်းမျဉ်းများ
ယခုကျင်းပမည့် FIFA U-15 ကမ္ဘာ့ဖလားနှင့် ဘောလုံးပွဲတော်သည် နိုင်ငံတကာမှ လူငယ် မျိုးဆက်သစ် ဘောလုံးသမားများ ပြုစုပျိုးထောင်ရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ထူးခြားသည့် ပွဲတော်ပုံစံ (Festival Format) ဖြင့် ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲ၏ ထူးခြားချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ကစားသမား အရေအတွက်နှင့် ကွင်းအရွယ်အစား
သာမန် ၁၁ ယောက် ကစားနည်းမျိုးမဟုတ်ဘဲ ၈ ယောက် အပြန်အလှန် (8v8) စနစ်ဖြင့် ကစားရမည်ဖြစ်ပြီး ကွင်းအရွယ်အစားကို 68m x 50m သတ်မှတ်ထားသည်။
ပွဲချိန်: တစ်ပွဲလျှင် မိနစ် ၂၀ စီဖြင့် နှစ်ပိုင်း (စုစုပေါင်း မိနစ် ၄၀) သာ ကစားရမည်ဖြစ်သည်။
✅လူစားလဲမှု- ကစားသမားများ အကြိမ်ကြိမ် ဝင်/ထွက်နိုင်သည့် အကန့်အသတ်မဲ့ လူစားလဲမှု (Unlimited rolling substitutions) စနစ်ကို အသုံးပြုမည်ဖြစ်သည်။
✅လူကျွံဘောစည်းမျဉ်း- Offside စည်းမျဉ်းကို ပြိုင်ဘက်၏ ဂိုးဧရိယာ အနီးတစ်ဝိုက် တိုက်စစ် တတိယအစိတ်ပိုင်း (Attacking third) အတွင်း၌သာ သတ်မှတ်ထားသည့် စည်းဖြင့် စစ်ဆေးမည်ဖြစ်သောကြောင့် တိုက်စစ်ဆင်မှုများကို ပိုမိုမြန်ဆန် စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရမည်ဖြစ်သည်။
✅ဘောလုံးပြန်စခြင်း- စည်းကြပ်လိုင်း အပြင်ထွက်သွားသော ဘောလုံးများကို လက်ဖြင့် ပစ်သွင်းခြင်း (Throw-in) အစား ခြေထောက်ဖြင့် ကန်သွင်းခြင်း (Kick-in) ဖြင့် ၄ စက္ကန့်အတွင်း ပြန်လည်စတင်ရမည်ဖြစ်သည်။
✅ပြိုင်ပွဲကျင်းပမည့်ရက်နှင့် အသင်းဖွဲ့စည်းပုံ
ပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်မှ ၃၁ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံတွင် ၁၀ ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင် မြန်မာ ယူ-၁၅ အသင်းအားအောက်ပါအတိုင်း ဖွဲ့စည်းရန်
အသက်ကန့်သတ်ချက်- ၂၀၁၁ သို့မဟုတ် ၂၀၁၂ ခုနှစ်တွင် မွေးဖွားသည့် လူငယ်ကစားသမားများသာ ဖြစ်ရမည်။
အဖွဲ့ဝင်အင်အား- အသင်းတစ်သင်းလျှင် ကစားသမား ၁၄ ဦး (အနည်းဆုံး ဂိုးသမား ၂ ဦး ပါဝင်ရမည်) နှင့် အသင်းအရာရှိ/ဝန်ထမ်း ၆ ဦး၊ စုစုပေါင်း အဖွဲ့ဝင် ၂၀ ဦး ဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။
အထူးတာဝန်ရှိသူများ- နည်းပြနှင့် ဆေးအဖွဲ့အပြင် ကလေးသူငယ်များ ဘေးကင်းလုံခြုံရေးဆိုင်ရာ အရာရှိ (Safeguarding Officer) တစ်ဦးနှင့် Media Content Creator တစ်ဦးတို့လည်း အဖွဲ့တွင် မဖြစ်မနေ ပါဝင်ရမည်ဖြစ်သည်။
ပြိုင်ပွဲစနစ် (ရှုံးသော်လည်း မထွက်ရ)
ဤပြိုင်ပွဲသည် ပထမအဆင့် အုပ်စုခြေစစ်ပွဲ (Qualification Stage) တွင် ၆ သင်း သို့မဟုတ် ၇ သင်းစီ ပါဝင်သော အုပ်စု ၃၂ စုခွဲကာ ပတ်လည်ကစားရမည်ဖြစ်သည်။ ထို့နောက် အသင်းအားလုံးသည် ဒုတိယအဆင့် (Tournament Stage) သို့ ဆက်လက် တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။
ဒုတိယအဆင့်တွင် အုပ်စုပထမရသူများ၊ ဒုတိယရသူများအလိုက် သတ်မှတ်ထားသည့် Tier (အဆင့်) အုပ်စုများခွဲကာ Knockout (ရှုံးထွက်) ပုံစံဖြင့် ကစားရမည် ဖြစ်သော်လည်း ရှုံးနိမ့်သွားသော အသင်းများသည် ပြိုင်ပွဲမှ ထွက်ခွာရခြင်းမရှိဘဲ မိမိတို့နှင့် ရလဒ်တူညီသည့် အသင်းများနှင့် နောက်ဆုံးပွဲစဉ်ရက်အထိ ဆက်လက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သောကြောင့် တစ်သင်းလျှင် အနည်းဆုံး ၇ ပွဲမှ ၁၀ ပွဲအထိ ကစားခွင့်ရရှိမည် ဖြစ်သည်။
အဆိုပါ ကမ္ဘာ့အဆင့် လူငယ်ဘောလုံးပွဲတော်ကြီးသည် မြန်မာ့လူငယ်ကစားသမားများအတွက် နိုင်ငံတကာအတွေ့အကြုံကောင်းများစွာ ရရှိစေမည့်အပြင် အနာဂတ် ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲများအတွက်ပါ အရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်လာမည် ဖြစ်ပါသည်။




