
မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဘောလုံးအကယ်ဒမီ ၂၀၂၆ ပညာသင်နှစ် မိဘဆရာတွေ့ဆုံပွဲ ကျင်းပ
July 1, 2026
မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေးနှင့် Logo အသစ်မိတ်ဆက်ပွဲ၊ Official Partnership Signing Ceremony ကျင်းပ
August 24, 2026“ကျွန်တော့်ရဲ့ စာချုပ်သက်တမ်း အတွင်းမှာ မြန်မာကစားသမားတွေ တိုးတက်လာဖို့နဲ့ မြန်မာ့လက်ရွေးစင်အသင်း အောင်မြင်နိုင်သမျှ အောင်မြင်ဖို့ ကြိုးစားစွမ်းဆောင်သွားမှာပါ” ယွန် အန်ဒါဆင် (မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်)
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ်သစ် မစ္စတာ ယွန် အန်ဒါဆင်ကို တရားဝင်ခန့်အပ်သည့် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းနှင့် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် သတင်းစာ ရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် နည်းပြချုပ်သစ်၏ ဘောလုံး သမိုင်းကြောင်းနှင့် နည်းပြဘဝ အတွေ့အကြုံများ၊ အောင်မြင်မှု မှတ်တမ်းများကို ဦးစွာမိတ်ဆက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်က နည်းပြချုပ်သစ်အား ခန့်အပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်းထားသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် နည်းပြချုပ်သစ်တို့အကြား တရားဝင် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို အထွေထွေ အတွင်းရေးမှူးနှင့် နည်းပြချုပ်သစ်တို့က ပြန်လည်ဖြေကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် မစ္စတာ ယွန် အန်ဒါဆင်က “အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ။ မြန်မာနိုင်ငံကို ရောက်လာရတာ ဝမ်းသာပါတယ်။ နောက် ၂ နှစ်အတွက် မြန်မာ့လက်ရွေးစင် အသင်းကို နည်းပြဖို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ လုပ်ခဲ့ကြပါတယ်။ အခုတော့ နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ပြီး ၂ နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ စာချုပ်သက်တမ်း အတွင်းမှာ အကောင်းဆုံး ကစားသမားတွေနဲ့ အသင့်တော်ဆုံး ကစားသမားတွေကို နေရာပေးသွားပါမယ်။ ပြီးတော့ မြန်မာကစားသမားတွေ တိုးတက်လာဖို့နဲ့ မြန်မာ့လက်ရွေးစင်အသင်း အောင်မြင်နိုင်သမျှ အောင်မြင်ဖို့ ကြိုးစားစွမ်းဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် နည်းပြချုပ်သစ်နှင့် မြန်မာ့လက်ရွေးစင် အသင်းအသီးသီးမှ နည်းပြများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် ယွန် အန်ဒါဆင် (Jørn Andersen) အကြောင်း
ယွန် အန်ဒါဆင်သည် ဥရောပနှင့် အာရှဘောလုံးလောကတို့တွင် ကစားသမားနှင့် နည်းပြအဖြစ် အတွေ့အကြုံကြွယ်ဝသော နိုင်ငံတကာအဆင့် ဘောလုံးနည်းပြတစ်ဦးဖြစ်ပါသည်။ ၎င်းကို ၁၉၆၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နော်ဝေနိုင်ငံ၊ Fredrikstad မြို့၌ မွေးဖွားခဲ့ပြီး တိုက်စစ်မှူးအဖြစ် အောင်မြင်သော ကစားသမားဘဝကို တည်ဆောက်ခဲ့သည်။
ကစားသမားဘဝအတွင်း ကလပ်အသင်းများအတွက် ပွဲပေါင်း ၄၅၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၁၉ ဂိုး သွင်းယူနိုင်ခဲ့သည်။ ဂျာမန်ဘွန်ဒက်စ်လီဂါ၏ ထင်ရှားသည့် အသင်းများဖြစ်သော Eintracht Frankfurt, 1. FC Nürnberg, Hamburger SV နှင့် Fortuna Düsseldorf တို့တွင် ကစားခဲ့သလို နော်ဝေလက်ရွေးစင်အသင်းအတွက်လည်း ၂၇ ပွဲ ပါဝင်ကစားကာ ၅ ဂိုး သွင်းယူခဲ့သည်။
ယွန် အန်ဒါဆင်၏ ကစားသမားဘဝတွင် ထင်ရှားသော မှတ်တမ်းတစ်ခုမှာ ၁၉၈၉-၉၀ ဘွန်ဒက်စ်လီဂါရာသီတွင် Eintracht Frankfurt အသင်းအတွက် ၁၈ ဂိုး သွင်းယူကာ ဘွန်ဒက်စ်လီဂါ ဂိုးသွင်းအများဆုံးကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး၊ ယင်းသည် ဘွန်ဒက်စ်လီဂါသမိုင်းတွင် အဆိုပါဆုကို ရရှိခဲ့သည့် ပထမဆုံး နိုင်ငံခြားသားကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ကစားသမားဘဝမှ အနားယူပြီးနောက် ယွန် အန်ဒါဆင်သည် နည်းပြဘဝသို့ ကူးပြောင်းခဲ့ကာ ဂျာမန်ကလပ် FSV Mainz 05 ကို Bundesliga သို့ တန်းတက်အောင် ဦးဆောင်နိုင်ခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယားလက်ရွေးစင်အသင်း၏ ပထမဆုံး နိုင်ငံခြားသားနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အသင်းကို ဦးဆောင်နိုင်ခဲ့သည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဟောင်ကောင်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ရာတွင် AFC Asian Cup 2023 သို့ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့သည်။ ထို့အပြင် အာရှဂိမ်းပြိုင်ပွဲတွင် အီရန်ကိုနိုင်ပြီး သမိုင်းတစ်လျှောက် ပထမဆုံး ဆီမီးဖိုင်နယ် ပို့ဆောင်ခဲ့သလို၊ ၃၉ နှစ်အတွင်း တရုတ်အသင်းကို (၂-၁) ဖြင့် ပထမဆုံးအကြိမ် ပြန်လည်အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
နည်းပြဘဝတစ်လျှောက် ပြိုင်ပွဲစုစုပေါင်း ၂၇၈ ပွဲ ကို ကိုင်တွယ်ခဲ့ပြီး နိုင်ပွဲ ၁၁၁ ပွဲ၊ သရေ ၆၃ ပွဲနှင့် ရှုံးပွဲ ၁၀၄ ပွဲ ရရှိထားကာ နိုင်ပွဲရာခိုင်နှုန်း ၃၉.၉၃ ရာခိုင်နှုန်း ကို ပိုင်ဆိုင်ထားသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် ယွန် အန်ဒါဆင်ကို အာရှဘောလုံးလောကအပေါ် အကျွမ်းတဝင်ရှိမှု၊ နိုင်ငံတကာအတွေ့အကြုံနှင့် အသင်းတည်ဆောက်နိုင်စွမ်းရှိမှုတို့အပေါ် အသိအမှတ်ပြုကာ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး၊ မြန်မာ့ဘောလုံး အဆင့်အတန်း မြှင့်တင်ရေးနှင့် နိုင်ငံတကာ အောင်မြင်မှုများ ရရှိစေရန် ဦးဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
Myanmar Football Federation Appoints Jørn Andersen as Head Coach of the Myanmar National Men’s Football Team
“During my tenure, I will work to help develop Myanmar players and achieve as much success as possible with the Myanmar national team.” – Jørn Andersen
The Myanmar Football Federation (MFF) officially appointed Jørn Andersen as head coach of the Myanmar national men’s football team during a contract signing ceremony and press conference held on 8 July at the MFF Press Conference Hall.
The event opened with an introduction to Andersen’s playing and coaching career, highlighting his achievements at both club and international level. MFF General Secretary U Tun Tun Aung then outlined the Federation’s vision for the future development of the national team and the reasons behind Andersen’s appointment.
Following the presentation, the MFF and Andersen officially signed a two-year contract before the General Secretary and the newly appointed head coach answered questions from members of the media.
Speaking at the press conference, Andersen said:
“Good morning, everyone. I am delighted to be in Myanmar. Following productive discussions, we have reached an agreement for me to lead the Myanmar national team over the next two years. During my tenure, I will select the players who are best suited to represent Myanmar. I will work to help develop Myanmar players and achieve as much success as possible with the national team.”
The ceremony concluded with a commemorative group photograph featuring Andersen alongside the coaches of Myanmar’s other national teams.
About Jørn Andersen
Born in Fredrikstad, Norway, on 3 February 1963, Jørn Andersen is an experienced international coach who enjoyed a distinguished playing career as a striker before moving into coaching.
During his playing career, Andersen made 454 senior club appearances and scored 119 goals. He represented several Bundesliga clubs, including Eintracht Frankfurt, 1. FC Nürnberg, Hamburger SV and Fortuna Düsseldorf, while also earning 27 caps and scoring five goals for the Norway national team.
One of the highlights of his playing career came during the 1989–90 Bundesliga season, when he scored 18 league goals for Eintracht Frankfurt to finish as the Bundesliga’s top scorer, becoming the first foreign player to achieve the feat.
After retiring as a player, Andersen moved into coaching and guided FSV Mainz 05 to promotion to the Bundesliga. He later became the first foreign head coach of the DPR Korea national team, leading the side in international competitions.
From 2021 to 2024, Andersen served as head coach of the Hong Kong, China national team. During his tenure, he guided Hong Kong, China to qualification for the AFC Asian Cup Qatar 2023, marking the team’s return to the continental finals after more than 50 years. He also led Hong Kong, China to the semi-finals of the Asian Games for the first time in history and guided the team to a memorable 2–1 victory over China PR, ending a 39-year wait for a win over their neighbours.
Across his coaching career, Andersen has managed 278 matches, recording 111 wins, 63 draws, and 104 defeats, with a win percentage of 39.9%.
The MFF appointed Andersen in recognition of his extensive international coaching experience, strong understanding of Asian football and proven ability to build competitive teams. The Federation believes his leadership will play a key role in raising the standard of Myanmar football and strengthening the national team’s competitiveness on the international stage.




