၂၀၂၄ ပညာသင်နှစ် မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)တွင် ဘောလုံးပညာနှင့် အတန်းပညာများ တက်ရောက်သင်ယူကြမည့် ကျောင်းသားများ၊ အုပ်ထိန်းသူ မိဘဆရာများအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များက မေလ ၃၀ ရက်နေ့တွင် ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ကျောင်းသားများ အနေဖြင့် ဘောလုံးပညာ ထူးချွန်၍ မြန်မာ့လက်ရွေးစင်များ၊ ပရော်ဖက်ရှင်နယ် ကစားသမားများ ဖြစ်သည်အထိ ကြိုးစားသင်ယူရန် လိုအပ်သကဲ့သို့ အတန်းပညာရေး လစ်ဟင်းမှုမရှိရန်လည်း ကြိုးစားနေကြရမည် ဖြစ်ကြောင်း၊ ဘောလုံး အားကစား၊ အတန်းပညာ နှစ်ရပ်စလုံး ထူးချွန်ပြီး စည်းကမ်း၊ အကျင့်စာရိတ္တ ကောင်းမွန်သည့် လူငယ်များဖြစ်ရန် ကြိုးစားကြစေလိုကြောင်းနှင့် သင်ကြားပေးသည့် ဆရာများ အနေဖြင့်လည်း ဘက်စုံထူးချွန်သည့် လူငယ်များ မွေးထုတ်ပေးရမည့် တာဝန်ရှိကြောင်း၊ ဆရာကျင့်ဝတ် များအတိုင်း လိုက်နာ၍ ကျောင်းသားလူငယ်များအား မိမိရင်ဝယ်သားကဲ့သို့ သဘောထား၍ ပြုစုပျိုးထောင်ရမည် ဖြစ်ကြောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌက မှာကြားခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၄ မေလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူငယ်များအား Scouting Event များပြုလုပ်၍ ရန်ကုန်၊ မန္တလေး အကယ်ဒမီ ကျောင်းများအတွက် ကျောင်းသားသစ်များ ရွေးချယ်ခဲ့သည်။ တက်ရောက်ခွင့်ရရှိသည့် လူငယ်များသည် ကျောင်းပညာ၊ ဘောလုံးပညာများအား အခမဲ့ တက်ရောက်သင်ကြားရမည် ဖြစ်သည်။
အမျိုးသမီး ဘောလုံး အကယ်ဒမီ
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့သည် ကျောင်းသား/မိဘများအား တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံတွင် ပထမဆုံး ဖြစ်လာမည့် အမျိုးသမီး ဘောလုံး အကယ်ဒမီ တည်ဆောက်ရေး မြေနေရာနှင့် စီမံကိန်းအား သွားရောက် ကြည့်ရှုခဲ့သည်။ မြန်မာ့ အမျိုးသမီး ဘောလုံးလောကသည် အာဆီယံတွင် ထိပ်တန်းသုံးနိုင်ငံ အတွင်း ပါရှိနေပြီး အာရှအဆင့်ထိ တက်ရောက်နိုင်ရေး၊ အမျိုးသမီး ကမ္ဘာ့ဖလား တက်ရောက်ကစားနိုင်ရေး တို့အတွက် လူငယ်မျိုးဆက်သစ်များ မွေးထုတ်ရန် လိုအပ်လျက်ရှိသည်။ မြန်မာ့ လက်ရွေးစင် အသင်းနှင့် အမျိုးသမီး လိဂ် ကလပ်အသင်းများအတွက် လိုအပ်မည့် မျိုးဆက်သစ်များ ရရှိရန် မြန်မာ အမျိုးသမီး ဘောလုံး အကယ်ဒမီ တည်ဆောက် ဖွင့်လှစ်နိုင်ရန် MFF အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။