
Football for Schools, Football for the Future.
June 12, 2026




A historic step forward for youth development as Mandalay’s school children experience the magic of football through teamwork, inspiration, and pure joy.
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများအတွက် အလွန်ထူးခြားတဲ့နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလေးများအတွက် ရည်ရွယ်တဲ့ FIFA Football For Schools Program မိတ်ဆက်ခြင်းနဲ့ ဘောလုံးလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့မနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်၊ အထက (၂၇) အားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။
ဒီကနေ့ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ MFF ကိုယ်စားလှယ်များ၊ မြန်မာ့လက်ရွေးစင် ကစားသမားများ တက်ရောက်အားပေးခဲ့ကြသလို အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အနေနဲ့ ကျောင်းသင်ခန်းစာတွေမှာ ဘောလုံးအားကစားကို တွဲဖက်ဖော်ဆောင်နိုင်ဖို့အတွက် Adidas No-4 ဘောလုံးများကို ပညာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
အခမ်းအနားရဲ့ အထူးခြားဆုံး အစီအစဉ်အဖြစ် နည်းပြ (၅၀) ဦးနဲ့အတူ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးတို့က ကွင်းအတွင်းမှာ Football For School လက်တွေ့သင်ခန်းစာတွေကို ပျော်ရွှင်တက်ကြွစွာ သရုပ်ပြသခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဧည့်သည်တော်များကလည်း စိတ်ဝင်တစား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါတယ်။