
AFC/MFF Pro Diploma နည်းပြသင်တန်း (Module 2) စတင်
June 11, 2026
AFC-MFF MC Seminar and LOC Workshop ကျင်းပ
June 12, 2026မြန်မာ့ဘောလုံးလောက၏ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလေးများကို မြေတောင်မြှောက်ပေးမည့် FIFA Football for Schools Programme မိတ်ဆက်ခြင်းနှင့် ဘောလုံးလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများကို သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီးအသီးသီးတွင် ကျင်းပခဲ့ပါသည်။
၁။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အခမ်းအနား
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် ရည်ရွယ်သည့် အခမ်းအနားကို ဇဗ္ဗူသီရိမြို့နယ်၊ အထက (၆) အားကစားကွင်းတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်စောဦးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ FIFA မှ လှူဒါန်းသည့် Adidas Size-4 ဘောလုံးများကို MFF ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်စောဦးမှ နေပြည်တော်ပညာရေးမှူး ဒေါက်တာကျော်လွင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
၂။ ပဲခူးတိုင်းဒေသကြီး အခမ်းအနား
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများအတွက် အခမ်းအနားကို ဇွန် ၁၂ ရက် နံနက်ပိုင်းက ပဲခူးမြို့၊ အထက (၁) ပဲခူး အားကစားကွင်းတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ FIFA မှ လှူဒါန်းသည့် Adidas Size-4 ဘောလုံးများကို MFF ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ နှင့် အဖွဲ့မှ တိုင်းဒေသကြီးပညာရေးမှူးရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
၃။ ရန်ကုန်တိုင်းဒေသကြီး အခမ်းအနား
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ Football For School Launching Ceremony ကို ဇွန် ၁၂ ရက် နေ့လယ် ၁၂:၀၀ နာရီက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ အလက (၁) အားကစားကွင်းတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ FIFA မှ လှူဒါန်းသည့် Adidas Size-4 ဘောလုံးများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် ကျောင်းတာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
လက်တွေ့ကွင်းတွင်း သရုပ်ပြသမှုများနှင့် နိဂုံး
အခမ်းအနားများအလိုက် ထူးခြားသည့် အစီအစဉ်အဖြစ် MFF “D” Certificate Coaching Course တက်ရောက်ထားသည့် ကာယပညာဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူ အားကစားသမားများကို Football for Schools သင်ခန်းစာများအတိုင်း ကွင်းအတွင်း လက်တွေ့ သရုပ်ပြ သင်ကြားပေးခဲ့ကြပါသည်။
အဆိုပါ လက်တွေ့ပြသမှုများကို တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီး၊ MFF ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဧည့်သည်တော်ကြီးများက စိတ်ဝင်တစား ကြည့်ရှုအားပေးခဲ့ကြပြီး၊ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများ အတူတကွ ရိုက်ကူးခဲ့ကြကာ အခမ်းအနားများကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။




