၂၀၂၄-၂၀၂၈ သက်တမ်း အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်

MFF ELECTIVE CONGRESS 2024 အခမ်းအနား ကျင်းပခြင်းနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ
March 28, 2024
မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း အာရှ ဖလားပြိုင်ပွဲတွင် အုပ်စု အဆင့်ဖြင့် ကျေနပ်ခဲ့ရ
April 22, 2024

March 30, 2024

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)၏ ရွေးကောက်ပွဲညီလာခံ MFF Elective Congress 2024 ကိုယနေ့ မနက်(၉း၀၀)နာရီက နိုဗိုတယ် ရန်ကုန် မက်စ်တွင် ကျင်းပခဲ့ပြီး ၂၀၂၄-၂၀၂၈ သက်တမ်းအတွက် အလုပ်အမှုဆောင် အဖွဲ့သစ်အား ရွေးချယ်ခဲ့သည်။ အခမ်းအနားသို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်၊ အာရှဘောလုံး အဖွဲ့ချုပ်၊ အာဆီယံ ဘောလုံး အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ၂၀၁၉-၂၀၂၃ သက်တမ်း တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ ၂၀၂၄-၂၀၂၈ သက်တမ်းအတွက် ဝင်ရောက်ရွေးချယ်မည့် ကိုယ်စားလှယ်လောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်(၁)၊ မြန်မာနေရှင်လိဂ်(၂)၊ ဖူဆယ်လိဂ်နှင့် အမျိုးသမီးလိဂ်တို့မှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
ကွန်ဂရက်စ် စတင်ကြောင်းကြေညာပြီးနောက် အစီအစဉ်အတိုင်းဖြစ်သည့် MFF ရွေးကောက်ပွဲ ညီလာခံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းများစာရင်းအား အတည်ပြုခြင်း၊ ရွေးကောက်ပွဲညီလာခံ အထမြောက်ကြောင်း ကြေညာခြင်း၊ MFF ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ MFF ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းတင်ပြခြင်း စသည်တို့အား အစီအစဉ်အလိုက် ကျင်းပခဲ့သည်။
ယင်းနောက် MFF ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အောင်က ၂၀၂၄-၂၀၂၈ သက်တမ်း အလုပ်အမှုဆောင်သစ်များ ရွေးကောက်ပွဲတွင် ဥက္ကဋ္ဌရာထူးအား ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ တစ်ဦးသာ ရှိပြီး အခြားယှဉ်ပြိုင်မည့်သူ မရှိသည့်အတွက် စာရင်းတင်သွင်းခဲ့သည့် ဦးဇော်ဇော်အား ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဒုတိယ ဥက္ကဋ္ဌ (အမျိုးသား)နေရာ (၂)ခုအတွက် အမည်စာရင်း တင်သွင်းသူ နှစ်ဦးသာရှိရာ စာရင်းတင်သွင်းခဲ့သည့် ဦးပြည့်ဖြိုးတေဇနှင့် ဦးထိပ်ခွန်နောင်မြင့်ဝေ တို့အား ဒုတိယ ဥက္ကဋ္ဌ (အမျိုးသား) အဖြစ်လည်းကောင်း၊ ဒုတိယ ဥက္ကဋ္ဌ (အမျိုးသမီး)နေရာ (၁)နေရာအတွက် အမည်စာရင်းတင်သွင်းသူ တစ်ဦးသာရှိရာ စာရင်းတင်သွင်းခဲ့သည့် ဒေါက်တာ ဒေါ်ခင်စောဦးအား ဒုတိယ ဥက္ကဋ္ဌ (အမျိုးသမီး) အဖြစ်လည်းကောင်း အဆိုပြုခဲ့ပြီး MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ဖွဲ့စည်းပုံစည်းမျဉ်း အပိုဒ် ၃၀.၅ အရ အခမ်းအနား တက်ရောက်လာသူများထံမှ အတည်ပြုချက်ရယူကာ ကြေညာခဲ့သည်။
ဆက်လက်၍ အထက်မြန်မာပြည် ကိုယ်စားလှယ်လောင်း (၃)နေရာအတွက် အမည်စာရင်း တင်သွင်းသူ (၄)ဦးရှိသဖြင့် တက်ရောက်လာသည့် ဆန္ဒမဲပေးပိုင်ခွင်ရှိသူများ၏ ဆန္ဒမဲဖြင့် မဲပေးရွေးချယ်ခဲ့ရာ ဦးကျော်စွာထွန်း၊ ဦးစောငြိမ်း၊ ဦးလအောင် တို့ အသီးသီး ရွေးချယ်ခံခဲ့ရသည်။
အထက်မြန်မာပြည် ကိုယ်စားလှယ်လောင်း မဲပေးရွေးချယ်မှု ရလဒ်
ဦးကျော်စွာထွန်း (၃၆ မဲ)
ဦးလအောင် (၃၃ မဲ)
ဦးစောငြိမ်း (၃၀ မဲ)
ဦးမင်းနောင် (၁၄ မဲ)

အောက်မြန်မာပြည်ကိုယ်စားလှယ်လောင်း (၃)ဦး နေရာအတွက် အမည်စာရင်းတင်သွင်းသူ (၃)ဦးသာ ရှိရာ စာရင်းတင်သွင်းခဲ့သည့် ဒေါက်တာ ထက်ခိုင်ဝင်း၊ ဦးဝင်းကိုကို၊ ဦးသင်းမောင်စိုး တို့အားလည်းကောင်း၊ မြန်မာ နေရှင်နယ်လိဂ်(၁) ကိုယ်စားလှယ်လောင်း (၃)ဦးနေရာအတွက် အမည်စာရင်း တင်သွင်းသူ (၃)ဦးသာရှိရာ အမည်စာရင်းတင်သွင်းခဲ့သည့် ဦးဇော်မင်းသိန်း၊ ဦးလှကျော်ဝင်းနှင့် ဦးကျော်ဦးတို့ကိုလည်းကောင်း၊ မြန်မာ နေရှင်နယ်လိဂ်(၂) ကိုယ်စားလှယ်တစ်ဦး နေရာအတွက် အမည်စာရင်းတင်သွင်းသူ တစ်ဦးသာ ရှိရာ စာရင်းတင်သွင်းခဲ့သည့် ဦးထောင်ထာထန်း ကိုလည်းကောင်း၊ နည်းပြ ကိုယ်စားလှယ်လောင်း (၁)နေရာအတွက် အမည်စာရင်းတင်သွင်းသူ တစ်ဦးတည်းသာရှိရာ စာရင်းတင်သွင်းခဲ့သည့် ဦးစိုးမြတ်မင်း ကိုလည်းကောင်း၊ ကစားသမား ကိုယ်စားလှယ်လောင်း(၁)နေရာ အတွက် အမည်စာရင်းတင်သွင်းသူ တစ်ဦးသာ ရှိရာ စာရင်းတင်သွင်းခဲ့သည့် ဦးသီဟစည်သူကိုလည်းကောင်း၊ အမျိုးသမီး ကိုယ်စားလှယ်လောင်း (၁)နေရာ အတွက် စာရင်းတင်သွင်းသူ တစ်ဦးသာရှိရာ စာရင်းတင်သွင်းခဲ့သည့် ဒေါ်သိန်းသိန်းအေး ကိုလည်းကောင်း၊ ဒိုင်ကိုယ်စားလှယ်လောင်း (၁)နေရာအတွက် ဒိုင်အစုအဖွဲ့မှမဲပေး ရွေးချယ်ထားသည့် ဦးလှတင့်ကိုလည်းကောင်း MFF ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အဆိုပြုခဲ့ပြီး MFF အထွေထွေ အတွင်းရေးမှူးက အခမ်းအနား တက်ရောက်လာသူများ၏ အတည်ပြုချက်ဖြင့် ကြေညာခဲ့သည်။
ယင်းနောက် ဖူဆယ်နှင့်သဲသောင်ပြင် ကိုယ်စားလှယ်လောင်း (၁)နေရာအတွက် အမည်စာရင်းတင်သွင်းသူ (၄)ဦးရှိသဖြင့် တက်ရောက်လာသည့် ဆန္ဒမဲပေးပိုင်ခွင်ရှိသူများ၏ ဆန္ဒမဲဖြင့် မဲပေးရွေးချယ်ခဲ့ရာ ဦးဝင်းသော်က ဆန္ဒမဲ အများဆုံးဖြင့် ရွေးချယ်ခံခဲ့ရသည်။
ဖူဆယ်နှင့်သဲသောင်ပြင် ကိုယ်စားလှယ်လောင်း မဲပေးရွေးချယ်မှု ရလဒ်
ဦးဝင်းသော် (၃၃ မဲ)
ဒေါက်တာ ရဲမွန်ထွဋ် (၆ မဲ)
ဦးချစ်ထွန်းဝေ (၁ မဲ)
ဦးကြည်မင်းသိန်း (၁ မဲ)

မဲပေးရွေးချယ်မှုများ အပြီးတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာ့ဘောလုံးလောကအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့မှုကို လေးစား အသိအမှတ်ပြုသောအားဖြင့် အဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ဦးသောင်းထိုက်အား ဂုဏ်ထူးဆောင် ဥက္ကဋ္ဌအဖြစ် ဆုတံဆိပ်နှင့်တကွ ပေးအပ်ခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယကများ အဖြစ် ဦးအောင်ကိုဝင်းနှင့် ဒေါက်တာ စိုင်းဆမ်ထွန်းတို့အား အလုပ်အမှုဆောင်အဖွဲ့က အများဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ပါကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌက ကြေညာခဲ့သည်။
အခမ်းအနားတွင် မြန်မာ့လက်ရွေးစင် အသင်းအတွက် အာရှချန်ပီယံအဆင့်အထိ အောင်မြင်မှုများ ရယူပေးခဲ့သော သက်ရှိထင်ရှား ကစားသမားကြီးများအား ဂုဏ်ပြုခြင်း အစီအစဉ်ကို ဆက်လက်ပြုလုပ်ခဲ့ရာ ရာသက်ပန် လစဉ် ဂုဏ်ပြုထောက်ပံ့ငွေအား ကစားသမားများ ကိုယ်စား မြန်မာ့လက်ရွေးစင်ဟောင်း ဦးစိုးမြင့်ထံသို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဂုဏ်ပြုပေးအပ်ခဲ့သည်။
ယင်းနောက် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Maj.Gen.Khiev Sameth မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ ရွေးကောက်ပွဲညီလာခံ MFF Elective Congress 2024 အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအတွက် ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က အလုပ်အမှုဆောင် အဖွဲ့သစ်ကိုယ်စားကျေးဇူးတင်စကား ပြောကြားကာ ညီလာခံအား ရုတ်သိမ်းခဲ့သည်။

၂၀၂၄-၂၀၂၈ သက်တမ်း အတွက်ရွေးချယ်ထားသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့သစ်သည် ညီလာခံပြီးသည်နှင့် ပထမအကြိမ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အစည်းအဝေးအား နိုဗိုတယ် ရန်ကုန်မက်စ် တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။

MFF Elective Congress 2024 သို့ တက်ရောက်လာသည့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်၊ အာရှဘောလုံး အဖွဲ့ချုပ်နှင့် အာဆီယံဘောလုံး အဖွဲ့ချုပ်တာဝန်ရှိသူများ

Ms. Kanya Keomany (FIFA Council Member)
Mr. Lavin Vignesh (FIFA Lead Regional Office)
Mr. Ahmed Harraz (FIFA Senior MAs Governance Services Manager)
Mr. Karn Mirchandani (FIFA MAs Development Manager)
Ms. Nhodkeo Phawadee (Head of ASEAN Unit, AFC MA Division)
Ms. Varankumar Sagaran (Jr Manager of ASEAN Unit, AFC MA Division)
Maj.Gen. Khiev Sameth (President of AFF)
Mr. Winston Lee (General Secretary, AFF)
Mr. Feisal Eusoff (President of Brunei Football Association)
Mr. PG HJ Jufry Bin PG HJ Jaludin (EC Member of Brunei Football Association)

၂၀၂၄-၂၀၂၈ သက်တမ်း အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့သစ်
၁။ ဥက္ကဋ္ဌ – ဦးဇော်ဇော်
၂။ ဒုတိယ ဥက္ကဋ္ဌ – ဦးပြည့်ဖြိုးတေဇ
၃။ ဒုတိယ ဥက္ကဋ္ဌ – ဦးထိပ်ခွန်နောင်မြင့်ဝေ
၄။ ဒုတိယ ဥက္ကဋ္ဌ – ဒေါက်တာခင်စောဦး
၅။ အထက်မြန်မာပြည် ကိုယ်စားလှယ် – ဦးကျော်စွာထွန်း
၆။ အထက်မြန်မာပြည် ကိုယ်စားလှယ် – ဦးလအောင်
၇။ အထက်မြန်မာပြည် ကိုယ်စားလှယ် – ဦးစောငြိမ်း
၈။ အောက်မြန်မာပြည် ကိုယ်စားလှယ် – ဒေါက်တာ ထက်ခိုင်ဝင်း
၉။ အောက်မြန်မာပြည် ကိုယ်စားလှယ် – ဦးဝင်းကိုကို
၁၀။ အောက်မြန်မာပြည် ကိုယ်စားလှယ် – ဦးသင်းမောင်စိုး
၁၁။ မြန်မာ နေရှင်နယ်လိဂ်(၁) ကိုယ်စားလှယ် – ဦးဇော်မင်းသိန်း
၁၂။ မြန်မာ နေရှင်နယ်လိဂ်(၁) ကိုယ်စားလှယ် – ဦးလှကျော်ဝင်း
၁၃။ မြန်မာ နေရှင်နယ်လိဂ်(၁) ကိုယ်စားလှယ် – ဦးကျော်ဦး
၁၄။ မြန်မာ နေရှင်နယ်လိဂ်(၂) ကိုယ်စားလှယ် – ဦးထောင်ထာထန်း
၁၅။ နည်းပြ ကိုယ်စားလှယ် – ဦးစိုးမြတ်မင်း
၁၆။ ကစားသမား ကိုယ်စားလှယ် – ဦးသီဟစည်သူ
၁၇။ အမျိုးသမီးဘောလုံး ကိုယ်စားလှယ် – ဒေါ်သိန်းသိန်းအေး
၁၈။ ဒိုင်ကိုယ်စားလှယ် – ဦးလှတင့်
၁၉။ ဖူဆယ်နှင့်သဲသောင်ပြင် ကိုယ်စားလှယ် – ဦးဝင်းသော်