MFF Standing Committee များအလိုက် အစည်းအဝေးပြုလုပ်

ဖူဆယ်နှင့် သဲသောင်ပြင် အလုပ်အမှုဆောင် အစည်းအဝေး (၁/၂၀၂၄)ကျင်းပ
May 7, 2024
ဒိုင်လုပ်ငန်းများ တိုးတက်ကောင်းမွန်ရေး ပြည်တွင်းဒိုင်လူကြီး ၈၀ ကျော်နှင့် MFF ခေါ်ယူတွေ့ဆုံ
May 13, 2024

May 13, 2024

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ၊ မီဒီယာနှင့် သတင်းအချက်အလက် ဆက်သွယ်ရေး ကော်မတီ၊ ဥပဒေရေးရာ ကော်မတီ၊ ဆေးဘက်ဆိုင်ရာ ကော်မတီ အစည်းအဝေးများကို ယနေ့ (မေ ၁၃) က ဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် သီးခြားစီ အစဉ်လိုက် ကျင်းပခဲ့သည်။

ကော်မတီ အစည်းအဝေးများသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးထိပ်ခွန်နောင်မြင့်ဝေ၊ ဒေါက်တာ ခင်စောဦး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ MFF အမှုဆောင်နှင့် လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်း၊ အဖွဲ့ချုပ် အမှုဆောင် ကော်မတီဝင်များဖြစ်ကြသည့် ဦးဝင်းသော်၊ ဒေါက်တာ ထက်ခိုင်ဝင်း၊ ဦးလှတင့်၊ ဒေါ်သိန်းသိန်းအေး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ခေတ္တအထွေအထွေ အတွင်းရေးမှူး ဦးအောင်မျိုးစော၊ တွဲဖက် အထွေထွေ အတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးထွန်းထွန်းအောင်၊ ဦးစည်သူဝင်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် သက်ဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဒိုင်ကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဒိုင်လောက ရှေ့ဆက်လုပ်ဆောင်မည့် စီမံကိန်းများကို ကော်မတီဝင်များ၊ အကြံပေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကြိုးပမ်းလုပ်ဆောင် ကြရမည်ဖြစ်ကြောင်း၊ ဒိုင်လူကြီးများဘဝ အဆင်ပြေစေရန် ပိုမိုထောက်ပံ့နိုင်ရေး၊ နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် မြန်မာဒိုင်လူကြီးများ ပိုမို တာဝန်ထမ်းဆောင်နိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း အကြံပြုတိုက်တွန်းခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်နှင့် ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးလှတင့်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင် ဒေါ်သိန်းသိန်းအေး၊ ဒိုင်ကော်မတီဝင် ဦးထွန်းလှအောင်၊ ဦးချမ်းငြိမ်း၊ ဒိုင်လုပ်ငန်းဌာန တာဝန်ခံ ဦးလှမင်းတို့က ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များ၊ အခက်အခဲများကို တင်ပြခဲ့ပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များက အကြံပြု ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ဒိုင်ကော်မတီ အစည်းအဝေး အပြီးတွင် မီဒီယာနှင့် သတင်းအချက်အလက် ဆက်သွယ်‌‌ရေး ကော်မတီ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ထက်ခိုင်ဝင်း တို့က အသီးသီး အမှာစကားများ ပြောကြားခဲ့ကြပြီး မြန်မာ့လက်ရွေးစင် အသင်းများ၊ လူငယ်ပြိုင်ပွဲများ၊ လိဂ်ပြိုင်ပွဲများ၊ ဖူဆယ်နှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲများ တိုက်ရိုက်ပြသခြင်းနှင့် မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ သတင်း အချက်အလက် စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေး၊ ခေတ်စနစ်နှင့်အညီ ဆိုရှယ်မီဒီယာနှင့် တရားဝင်ချန်နယ်များမှ ပိုမိုထုတ်ပြန်မှုများ ပြုလုပ်ရေး၊ Media and Marketing လုပ်ငန်းများ တိုးတက်ကောင်းမွန်စေရေးနှင့် လိုအပ်သည့် တွေ့ဆုံဆွေးနွေးမှုများ၊ နည်းလမ်းကောင်းများဖြင့် မြန်မာ့ဘောလုံး လောကအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရေး တို့အား တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့်အတူ ဆွေးနွေးခဲ့ကြသည်။ မီဒီယာနှင့် သတင်းအချက်အလက် ဆက်သွယ်‌‌ရေး ကော်မတီတွင် အကြံပေးပုဂ္ဂိုလ်များ အဖြစ် ဦးချစ်ဝင်းမောင်၊ ဦးအောင်မျိုးရှိန်၊ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ထက်ခိုင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးမိုးဝေအောင်၊ အဖွဲ့ဝင်များအဖြစ် ဦးမြတ်ထွဋ်ဝင်း၊ ဦးထွန်းထွန်းဦး(လှိုင်)၊ ဦးမျိုးမြင့်သောင်းတို့ ဆောင်ရွက်သွားကြမည်ဖြစ်သည်။

ယင်းနောက် ဥပဒေရေးရာ ကော်မတီ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ဘောလုံးတွင်လည်း အငြင်းပွားဖွယ်ရာ ကိစ္စများစွာရှိကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်း လုပ်ဆောင်သည့် အခါတွင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ရန် လိုအပ်သည့်အတွက် ဥပဒေရေးရာ ကော်မတီက အရေးပါကြောင်း၊ ကစားသမားများ၊ အသင်းများနှင့် ပတ်သက်သည့် ဥပဒေရေးရာ ကိစ္စများအတွက် အတူတကွ လက်တွဲလုပ်ဆောင်ကြရန် အကြံပြုတိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။ အစည်းအဝေးသို့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းစိန်၊ ဒု-ဥက္ကဋ္ဌ ဒေါ်တင်မိုးဝေ၊ အဖွဲ့ဝင်များဖြစ်သည့် ဦးသန်းထွန်း၊ ဦးထင်ကျော်၊ ဦးရဲဝင်းအောင်တို့ တက်ရောက်ခဲ့ကြသည်။

ဥပဒေရေးရာ ကော်မတီ အစည်းအဝေး အပြီးတွင် ဆေးဘက်ဆိုင်ရာ ကော်မတီ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဘောလုံးအားကစားတွင် ဆေးပညာသည် အဓိက အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်ပါကြောင်း၊ ကစားသမားများအတွက် ကြံ့ခိုင်မှုပိုင်း၊ အဟာရပိုင်းသာမက ကျန်းမာရေးပိုင်းပါ အရေးကြီးသဖြင့် အသင်းဆရာဝန်များမှာ အရေးပါပါကြောင်း၊ ထို့ကြောင့် အသင်းတစ်သင်းကို စီမံခန့်ခွဲသည့်အခါတွင် အုပ်ချုပ်မှုပိုင်း၊ ဆရာဝန်ပိုင်းမှ ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် ကစားသမားများကို ငွေကုန်ကြေးကြ များစွာကျခံပြီး ကျွေးမွေးနေသော်လည်း ပိုမိုစနစ်တကျ ဖြစ်စေရန်၊ အဟာရပိုင်း ညီညွတ်ခြင်း ရှိ/မရှိ စစ်ဆေးနိုင်ရန် Nutrition ပိုင်းနှင့် ပတ်သက်သည့် နားလည်တတ်ကျွမ်းသည့် ဆရာဝန်များမှ ဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ အကြံဉာဏ်ကောင်းများ ပေးနိုင်ရန် ကော်မတီမှ ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌနှင့် ဆေးဘက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်စောဦးက ကစားသမားများ ထိခိုက်ဒဏ်ရာ ရရှိမှု နည်းပါးစေရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် ပတ်သက်သည်များ၊ ကစားသမားများ၏ ကြံ့ခိုင်မှုပိုင်းဆိုင်ရာများကို ပြန်လည်ဆွေးနွေးခဲ့ပြီး အဖွဲ့ချုပ် ဆေးဘက်ဆိုင်ရာ တာဝန်ခံ ဒေါက်တာ အောင်ကျော်ဦးက ကစားသမားများကို ကျန်းမာရေး စစ်ဆေးမှုများ၊ ကုသမှုအပိုင်းများ၊ အားကစား အဟာရပညာရှင်များ၊ အားကစား စိတ်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်နေမှုများကို ဖြည့်စွက်ဆွေးနွေးခဲ့ရာ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က နိုင်ငံတကာသင်တန်းများ တက်ရောက်ခြင်း အပါအဝင် လက်ရှိလုပ်နေသည့် စီမံကိန်းများ၊ အစီအစဉ်များကို ကော်မတီနှင့် ပြန်လည်တိုင်ပင်ဆွေးနွေးရန်၊ နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ ကော်မတီများတွင် အဖွဲ့ချုပ်မှ ဆရာဝန်များပါ ပါဝင်လာနိုင်ရန် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆေးဘက်ဆိုင်ရာ ကော်မတီ အစည်းအဝေးသို့ အဖွဲ့ဝင် ဒေါက်တာ ထက်ဇေယျာ တက်ရောက်ခဲ့ပြီး ဒေါက်တာ ထက်ဝေနှင့် ဒေါက်တာ စိုးလူကျော်တို့ Zoom Meeting ဖြင့်တက်ရောက်ခဲ့သည်။