ဒိုင်လုပ်ငန်းများ တိုးတက်ကောင်းမွန်ရေး ပြည်တွင်းဒိုင်လူကြီး ၈၀ ကျော်နှင့် MFF ခေါ်ယူတွေ့ဆုံ

MFF Standing Committee များအလိုက် အစည်းအဝေးပြုလုပ်
May 13, 2024
တရုတ်ယူ-၂၀နှင့် မြန်မာယူ-၂၀တို့ ခြေစမ်းပွဲ(၂)ပွဲ ယှဉ်ပြိုင်ကစားမည်
May 15, 2024

May 13, 2024

ပြည်တွင်း ပြိုင်ပွဲအသီးသီးတွင် ဒိုင်လုပ်ငန်းများ တိုးတက်ကောင်းမွန်ရေး၊ ဒိုင်လောက ဖွံ့ဖြိုးရေးနှင့် အရည်အချင်း ပြည့်မီသော ဒိုင်လူကြီးကောင်းများ ပေါ်ထွက်လာရေး အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF သည် ပြည်တွင်း ဒိုင်လူကြီး ၈၀ ကျော်အား ယနေ့မနက် ၈း၃၀ နာရီက အဖွဲ့ချုပ်ရုံးတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ အလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်သည့် ဦးဇော်မင်းသိန်း(မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ)၊ ဦးလှတင့်၊ ဒေါ်သိန်းသိန်းအေး၊ ဦးဝင်းသော်၊ MFF အကြံပေး ဦးဘန်နီတင်အောင်၊ ခေတ္တ အထွေထွေ အတွင်းရေးမှူး ဦးအောင်မျိုးစော၊ တွဲဖက် အထွေထွေ အတွင်းရေးမှူးများဖြစ်သည့် ဦးထွန်းထွန်းအောင်နှင့် ဦးစည်သူဝင်း၊ မြန်မာနေရှင်နယ်လိဂ် MNL CEO ဦးစိုးမိုးကျော်၊ ဒိုင်လုပ်ငန်းဌာန ဒါရိုက်တာ ဦးလှမင်း နှင့် ဒိုင်ကြီးကြပ်များ၊ FIFA/ AFC အဆင့် ဒိုင်လူကြီးများ၊ လူငယ် မျိုးဆက်သစ် ဒိုင်လူကြီးများတက်ရောက်ဆွေးနွေးခဲ့ကြသည်။

MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာ ဒိုင်လူကြီးများ အနေဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် ယခုထက်ပိုမို၍ တာဝန်ထမ်းဆောင်ခွင့် ရရှိရန်၊ ဘာသာစကားကို ပိုမိုလေ့လာကြရန်၊ ကြံခိုင်မှု အပိုင်းများ ပိုမိုတိုးတက်လာရန်၊ ဘောလုံးသာမက ဖူဆယ်ပြိုင်ပွဲများတွင်လည်း အရည်အချင်းရှိသော ဒိုင်လူကြီးကောင်းများ ပေါ်ထွက်လာရန်၊ ဒိုင်လူကြီး အကယ်ဒမီ တည်ဆောက်ရန်၊ မျိုးဆက်သစ် ဒိုင်လူကြီးများကို နှစ်ရှည်စီမံကိန်းဖြင့် စနစ်တကျ မွေးမြူသင်ကြားပေးရန်၊ အိမ်နီးချင်းနိုင်ငံမှ ဒိုင်များ ကမ္ဘာ့ အဆင့်ပြိုင်ပွဲများတွင် တာဝန် ထမ်းဆောင်နေချိန် မြန်မာဒိုင်များအနေဖြင့် အာဆီယံ အဆင့်မျှဖြင့်ကျေနပ် မနေကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

တက်ရောက်လာသော အလွှာအသီးသီးမှ ဒိုင်လူကြီးများကလည်း အားနည်းချက်၊ လိုအပ်ချက်များကို ပွင့်လင်းမြင်သာစွာ တင်ပြဆွေးနွေးခဲ့ကြသည်။ ယင်းနောက် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ဒိုင်လူကြီးများအတွက် လိုအပ်နေသော Referee Equipment များ၊ သင်တန်းများ၊ ခံစားခွင့်များကို တိုးမြှင့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ အထွေထွေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး အခမ်းအနား ရုတ်သိမ်းခဲ့သည်။