တရုတ်ယူ-၂၀နှင့် မြန်မာယူ-၂၀တို့ ခြေစမ်းပွဲ(၂)ပွဲ ယှဉ်ပြိုင်ကစားမည်

ဒိုင်လုပ်ငန်းများ တိုးတက်ကောင်းမွန်ရေး ပြည်တွင်းဒိုင်လူကြီး ၈၀ ကျော်နှင့် MFF ခေါ်ယူတွေ့ဆုံ
May 13, 2024
FIFA-MFF TDS Scouting Program နယ်ဒေသအသီးသီးမှ အကယ်ဒမီတက်ရောက်ခွင့်‌ အောင်မြင်သူများ စာရင်း
May 22, 2024

May 15, 2024

တရုတ်ပြည်သူ့သမ္မတနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့အကြား ကြိုတင်ညှိနှိုင်းဆွေးနွေးမှုအရ မြန်မာအမျိုးသား ယူ-၂၀ ဘောလုံးအသင်းသည် တရုတ်အမျိုးသား ယူ-၂၀ ဘောလုံးအသင်းနှင့် လာမည့် မေလ ၃၀ရက်နှင့် ဇွန်လ ၂ရက်တို့တွင် တရုတ်နိုင်ငံ၊ Xianghe မြို့၌ ကွင်းပိတ် ခြေစမ်းပွဲ (၂)ပွဲ သွားရောက် ယှဉ်ပြိုင်ကစားမည်ဖြစ်ပါသည်။

မြန်မာယူ-၂၀ ဘောလုံးအသင်းသည် ၂၀၂၄ ဇူလိုင်လတွင် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အသက်(၁၉)နှစ်အောက် အာဆီယံအမျိုးသားဘောလုံးပြိုင်ပွဲနှင့် စက်တင်ဘာလတွင် ကျင်းပမည့် အသက်(၂၀)နှစ်အောက် အာရှအမျိုးသားဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲစဉ်များသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကာလရှည် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အသင်းဖြစ်သည်။

အဆိုပါ လက်ရွေးစင်ဘောလုံးအသင်းကို MFF ဘောလုံးအကယ်ဒမီထွက် ကစားသမားများ၊ တိုင်းနှင့်ပြည်နယ် လက်ရွေးစင်ကစားသမားများ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ ခြေစွမ်းထက် လူငယ်မျက်နှာသစ်ကစားသမားများဖြင့် စုဖွဲ့ထားပြီး နည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာဝန်ယူကိုင်တွယ်လျက်ရှိသည်။

စခန်းသွင်းလေ့ကျင့်စဉ်ကာလအတွင်း မြန်မာနေရှင်နယ်လိဂ် ထိပ်တန်းကလပ်အသင်းများဖြစ်သည့် ရှမ်းယူနိုက်တက်အသင်း၊ ဟံသာဝတီယူနိုက်တက်အသင်း၊ ရန်ကုန်ယူနိုက်တက်အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့ပြီး (၂)ပွဲနိုင်၊ (၁)ပွဲရှုံးရလဒ်ကို စွမ်းဆောင်ထားနိုင်ခဲ့ပါသည်။

ဓာတ်ပုံ – ယနေ့ညနေပိုင်းက ကြံ့ခိုင်မှုစစ်ဆေးခြင်း (Fitness Test) ပြုလုပ်လျက်ရှိသော မြန်မာယူ-၂၀ ကစားသမားများ